စာစီစာကုံး (သို့) သွေဖယ်တတ်သည့် ခေါင်းစဉ်များ



တလုံး နှစ်လုံး စာစီကုံး xxxx ကျောင်းသားတွေ တပြုံးပြုံး xxxx ပြုံးပျော် ရွှင်မြူးကြလို့သာ… ကျောင်းသင်ခန်းစာမှာ xxxx

မြန်မာ့အသံက နံနက်ချိန်ခါ တေးသံ မှာ ၊ အဲဒီသီချင်းလေး လာတဲ့ အချိန်လောက်ဆိုရင် ၊ ကျမ တို့ ညီအမ တွေ ၊ မနက်စာ ထမင်းကြမ်း စားတဲ့ ပန်းကန်တွေကို သိမ်းသူက သိမ်း ။ စာအုပ်တွေကို ပြန်စီပြီး လွယ်အိတ်ထဲ ထဲ့တဲ့သူက ထဲ့ ။ ကျောင်းစိမ်းလုံခြည် နဲ့ အကျီ င်္အဖြူ တထည်ကို အ၀တ်ပုံထဲမှာ ရှာဖွေ မွှေနှောက်တဲ့ သူက နှောက် နဲ့  ကျောင်းသွားဖို့ ဒရောသောပါး ဖြစ်နေကြပြီ။

ဖွင့်ထားတဲ့ ရေဒီယိုကနေ  (တုန်...တုန်း .. တုန့် .. တုန် )၂  ဆိုတဲ့ စံတော်ချိန် တီးလုံး သံ ထွက်လာပြီး ၊ အခုချိန်က စပြီး သတင်းများကို ကြေငြာပါတော့မည် ဆိုရင်တော့ ၈ နာရီ ထိုးပြီမို့ ၊ သနပ်ခါးလည်း ခြောက် ၊ ခေါင်းကို အမြန်ဖီးလိုက်ပြီး  ကျောင်းသွားဖို့ အသင့် ဖြစ် နေရပြီ ။ နံဘေးအိမ်က အမ တ၀မ်းကွဲ လည်း ၊ ခြံရှေ့ကို ရောက်နေပြီ။ ပြီးရင် ကျမ တို့ ညီအမ တသိုက် ၊ မြို့ပြင် ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ် မှာ ရှိတဲ့ အထက်တန်းကျောင်းကြီးကို ၊ ဖြတ်လမ်း ဖြစ်တဲ့ ရန်ကုန်-ပြည် မီးရထားလမ်းကြီး ဘေးကနေ လမ်းလျှောက် သွားကြသည်။ ကိုးတန်း ရောက်ပြီဖြစ်တဲ့ အမ နဲ့  ဟိုဖက်အိမ်က ရှစ်တန်း ကျောင်းသူ အမ ၀မ်းကွဲက ၊ စကားတပြောပြောနဲ့ လျှောက်ကြသည်။ ခြောက် တန်းကျောင်းသူ နို့ ညှာ အမ နဲ့  ငါး တန်းကျောင်းသူ ကျမက တော့ ၊ မီးရထားလမ်းပေါ်တက်ပြီး ဇလီဖားတုံးများကို ရေတွက်ရင်း ခြေလှမ်းခြင်း ပြိုင်လျှောက်ကြသည်။  နောက်မှာ ပြတ်ကျန်ခဲ့တဲ့ အမ နှစ်ယောက်ကို လှည့်ကြည့်လိုက် လို့ ၊ မီးရထားလမ်း တလျှောက်လုံး အဖြူ နဲ့ အစိမ်းလေးတွေ ဖွေးနေတာကို မြင်ရရင် ကျောင်းကို အချိန်မီ ရောက်မည် ဆိုတာ အလိုလို နားလည်ရသည်။ တခါတလေ အိမ်က ထွက်တာ နောက်ကျသွားရင် ၊ မီးရထားလမ်းဘေးမှာ လူ တယောက်မှ မရှိတော့ပဲ ၊ ၈ နာရီ ခွဲ မှာ ဖြတ်သွားတတ်တဲ့ စာပို့ ရထား ကြီး ကိုတောင် ၊ သတိထားပြီး လမ်းလျှောက်ရ တော့ပြီ ။ ပြီးခဲ့တဲ့ အပတ်က ၊ မြန်မာစာ ဆရာမ ပေးလိုက်တဲ့ အိမ်စာကြောင့် ၊ တနင်္လာနေ့ ကျောင်းဖွင့်ရက် မှာ စိတ်လှုပ်ရှားနေလေသည်။

ငါးတန်း အတန်းပိုင် မြန်မာစာ ဆရာမ က၊ စာစီစာကုံး တပုဒ်စီ ရေးခဲ့ရမည် လို့ ဆိုသည်။ စာစီစာကုံး တပုဒ်ဖြစ်ဖို့ ၊ နိဒါန်းရယ် စာကိုယ်ရယ် နိဂုံးရယ် သုံးမျိုး ပါရမည် လို့  အသေအချာ ရှင်းပြသည်။ ခေါင်းစဉ်က “ပျော်ပျော်ရွှင်ရွှင် ကျောင်းသားဘ၀”  ဖြစ်သည်။ စနေ တနင်္ဂနွေ နှစ်ရက်လုံး ၊ သူများတွေ ဆော့ဖို့ ခေါ်တာတောင် မလိုက်ဖြစ် ပဲ ၊ အိမ်နောက်ဖေးက လှေခါးလေးပေါ်မှာ စာအုပ် နဲ့ ဘောပင် အသစ်ကလေးကို ကိုင်ပြီး ၊ စာစီစာကုံး ဘယ်က စ ရေးရမည်လဲ လို့ ၊ စဉ်းစားခန်း ၀င်နေသည် မှာ ၊ နှစ်ရက်တောင် ရှိပြီ။ မနက်ဖန် တနင်္လာနေ့ ကျောင်းတက်ရင် စာအုပ်ထပ်ရတော့မှာ ။ နိဒါန်း နှင့် စရမည် ဆိုတော့ နိဒါန်းကို ဘယ်လို စရေးရမည်မလဲ လို့ တွေးရင်း ခေါင်းရှုပ်လာသည်။   နိဒါန်းဆိုတာ ကရော ဘာလဲ ။

မလှမ်းမကမ်းမှာ ၀တ္တုထိုင်ဖတ်နေတဲ့ အမကြီးကို လှမ်းမေးတော့ ၊ နိဒါန်းဆိုတာ နိဒါန်း အစပေါ့ ဟဲ့ . . . တဲ့ ဆိုပြီး သူ့ကို မျက်မှောင်ကျုံ့ ကြည့်တာ ခံ ရသည်။

အစ ။ ဟုတ်သည်။ အစ ကနေ စ ရေးရမည် ပေါ့ ။ ပျော်ပျော်ရွှင်ရွှင် ကျောင်းသားဘ၀ ရဲ့ အစ ဆုံး အရာ က ဘာလဲ လို့ ၊ ဘောပင်အပြာလေးကို တချောက်ချောက် နှိပ်ရင်း စဉ်းစားလိုက်တော့ ၊ မနက် စောစော ရေဒီယိုက လာတဲ့ သီချင်းလေး က၊ ပါးစပ်ဖျားမှာ ရောက်လာသည်။


တလုံး နှစ်လုံး စာစီကုံး ကျောင်းသားတွေ တပြုံးပြုံး xxxxx ပြုံးပျော် ရွှင်မြူးကြလို့သာ ၊ ကျောင်းသင်ခန်းစာ မှာ xxxxxx

အခုတော့ ၊ ပထမဆုံး စာစီစာကုံး တပုဒ်ရေး ဖို့ အခက်အခဲ ဖြစ်နေတဲ့ ၊ ငါးတန်းကျောင်းသူ ဘ၀ ကနေ၊ လွန်မြောက်ခဲ့သည်မှာ ၊ အတော်ပင် ကြာခဲ့ချေပြီ။ အက်ဆေး လို့ အသံထွက်ပြီး ၊ အင်္ဂလိပ်စာ သဒ္ဒါ အထားအသို မှန်အောင် အဓိက ထား ရေးကျင့်ရတဲ့ အထက်တန်းကျောင်းသူ ဘ၀ သည်လည်း ၊ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။

အခုအချိန်မှာ ၊ အက်ဆေး တပုဒ်လောက် စာမူ ရေးပေးပါ လို့ ၊ ပြောလာတဲ့ အခါ ၊ ကျမ စာစီစာကုံး လို့သာ ကိုယ့်ဖာသာကိုယ် ဘာသာပြန် ပြစ်လိုက်သည်။ စာမူ ဆိုတာ ၊ စာရေးဆရာ တွေကိုသာ တောင်းခြင်းဖြစ်သည် လို့  လောဂျစ် သဘောအရ ကျမတွက်ချက် ကြည့်မိသည်။ ကျမ မှာ လောလောဆယ်ဆယ် စာမူ မရှိပေ။

ဘယ်ဆရာမ ကမှ အိမ်စာပေးလိုက်တာ မဟုတ်ပဲ ၊ ကျမ ဖာသာ ပျော်ရွှင် လွတ်လပ်စွာ ရေးထားခဲ့တဲ့ စာစီစာကုံးတွေ တော့ အပုဒ်ပေါင်း လေးရာကျော် လောက်၊ ကျမ ကိုယ်ပိုင် ဖွင့်လို့ ပိတ်လို့  ရ တဲ့ ၊ စာမျက်နှာလေး တခု ပေါ်မှာ ရှိပြီး နေခဲ့ပြီ။

တခုပဲ ရှိသည်။ ငယ်ငယ်တုန်းက စာစီစာကုံးတွေ သည်၊ ခေါင်းစဉ် သတ်မှတ် ပေးပြီးသား ဖြစ်သည်။ ပေးထားတဲ့ ခေါင်းစဉ် ထဲမှာ မ၀င် ၀င်အောင် ရေးရသည်။ ခေါင်းစဉ် အောက်က လွတ်သွားလျှင် ၊ အမှတ်ကောင်း မရ နိုင် သလို ၊ ဆု နဲ့လည်း လွဲချော်နိုင်သည်။ အခုတော့ ကျမ အတွက် သတ်မှတ်ထားတဲ့ ခေါင်းစဉ် မလိုပေ ။ သိမိ နားလည် ခံစားရ တာတွေကို ၊ စိတ်အလျဉ် အတိုင်း စီးမျောရင်း ၊ တစုံတရာက ခေါ်သွားတဲ့ အတိုင်း လိုက်ရေးသည်။ နိဂုံး ချုပ်ပြီး သွားတဲ့ အချိန်မှာ ခေါင်းစဉ် တခု အလိုအလျောက် ရလာတတ်မြဲ ဖြစ်သည်။ တခါတလေ လည်း ၊ ခေါင်းစဉ် တခု တပ်ပြီး ရေးလာခဲ့ပေမဲ့ ၊ အဆုံးသပ် နား ရောက်တဲ့ အခါ ၊ တခြား ခေါင်းစဉ် တခု ဖြစ်ချင် ဖြစ်သွားတတ် ပြန်သည်  ။ သြော်. . . နိဂုံး နဲ့  အဆုံးသတ် က အတူတူပဲ လို့ ပြောရင်  ငါးတန်းကျောင်းသူလေး တယောက်ယောက်များ   စိတ်ရှုပ်ထွေးနေလေ ဦး မလား ။ 

တကယ်တော့ ဘ၀ ရဲ့ စာမျက်နှာ တွေ ဆိုတာလည်း ရေးရင်း ရေးရင်း ခေါင်းစဉ်ကနေ သွေဖယ် သွားတတ်တာ မျိုး ပဲ မဟုတ်လား ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ နိဂုံး ချုပ် အဆုံးသတ်ပြီးရင်တော့ ခေါင်းစဉ် တခု သေချာပေါက် ရ လာ ပါလိမ့်မည် ။

ဒါဆိုရင် ဒီ “စာစီစာကုံး”  လို့ ခေါင်းစဉ် တပ်ခဲ့တဲ့ စာစီစာကုံးလေး ကို သွေဖယ်တတ်သည့် ခေါင်းစဉ်များ လို့ ကျမ ပြောင်းချင်သည် ။


ကေသွယ်
( ၈ နာရီ ၂၀ မိနစ်  -  ၁၀ နာရီ ၃၀ မိနစ်)
သြဂုတ် ၃၁ ၊ ၂၀၁၄

( dedicated for  bloggers and blog writers)


Share/Bookmark

သူ့ ဦးဏှောက်ထဲက ဖိနပ် ... သူ့ ခန္ဓာကိုယ်ထဲက အပ်




အဲဒီ တရုတ်အမျိုးသား ရဲ့ မျက်နှာသွင်ပြင်က မြင်ဖူးနေကြ တရုတ် အမျိုးသားတွေ နဲ့ သိပ်မကွာခြားလှပေမဲ့ ၊ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့ တည်ငြိမ်မူ နဲ့ လေးနက်မူက တော့ ၊ အနည်းငယ် ကွဲပြားစွာ ထူးခြားနေသည် ဟု ထင်မိသည်။ ပိုပြီး ထူးခြားတာ က ၊ မဲ့ရွဲ့ ဟစ်ငို နေတဲ့ အရုပ်ဆိုးဆိုးကော်ပတ်ရုပ် ကလေးကို ပခုံးပေါ်မှာ ချီပိုး ထားတဲ့ သူ့ ရဲ့ ဓါတ်ပုံ တပုံ ။ အဲဒီပုံမှာ သူ့ကို ကြည့်ရတာ တီယမ်နမ်မင်း ရင်ပြင် ပေါ်မှာ ၊ ကျောင်းသားလူငယ်တွေကို စကားပြောနေတဲ့ နိုင်ငံရေး တက်ကြွ ဦးဆောင်သူ လျူရှောင်ဘို နဲ့ မတူ ။ တရုတ်ပြည်ရဲ့ ဒီမိုကရေစီ အရေးတွေ နဲ့ တွဲပြီး ကမ္ဘာက ဖော်ပြတဲ့ သတင်းတွေထဲက လျူရှောင်ဘို နဲ့ မတူ ။ နိုဘယ်ဆု ကော်မီတီ ရဲ့ နံရံထက်မှာ ချိတ်ဆွဲ ထားတဲ့ ၊ ဆု တက်ရောက် ယူ ခွင့် မရတဲ့ ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဆုရှင် လျုရှောင်ဘို နဲ့ လည်း မတူ ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီပုံ ကို ရိုက်ကူးသူဟာ သူ့ ဇနီးသည် ကိုယ်တိုင် ဖြစ်ပြီး ၊ တရုတ်ပြည်ထဲမှာ ပြသခွင့် မရတဲ့ “တိတ်ဆိတ်ခြင်းရဲ့ ခွန်အား” ဆိုတဲ့ ဓါတ်ပုံ ပြပွဲ တခု မှာ ခင်းကျင်း ချိတ်ဆွဲ ထားခဲ့တဲ့ ၊ သူ့ ဇနီးသည် လျုရှောက် ရဲ့ အနုပညာ လက်ရာ များ ထဲက တခု ဖြစ်နေတာပဲ ။ 


လေးထောင့် ၀န်းဝန်း မျက်နှာ ပေါ်မှာ ချိတ်တွယ် ထားတဲ့ ၊ ၈၀-၉၀ ခုနှစ်များဆီက ခေတ်စားခဲ့တဲ့ စတုရန်းကျကျ သတ္တုကိုင်းမျက်မှန်ကြီး ကြောင့် ၊ သူ့ကို ကြည့်ရသည်မှာ ၈၀-၉၀ နှစ်များ ဆီသို့သာ ပြန်ရောက်နေသလို ။ တကယ်လည်း သူ့ ရဲ့ ယုံကြည်ချက် နဲ့ ရပ်တည်ချက် တွေက လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်က ဖြစ်ရပ်တွေထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင် စူးနစ် နေနှင့်ခဲ့ပြီး ပြီ မဟုတ်လား ။ ၁၉၈၉ တရုတ်ပြည်ရဲ့ တီယမ်နမ်မင်း ရင်ပြင် အရေးတော်ပုံ က စလို့ ၂၀၀၈ ပီကင်း အိုလံပစ် ဆန့်ကျင်မူ ကာလ တွေ အထိ ၊ သူ့ရဲ့ ယုံကြည်ချက် စိတ်နှလုံး က ဒီမိုကရေစီ ကနေ တရွေးမှ မလျော့ခဲ့ ။ သူ့ ရဲ့ ရပ်တည်ချက် ခြေအစုံ က တရုတ်ပြည်ကြီးကနေ တဖ၀ါး မှ မခွာခဲ့ ။ 


၁၉၈၉ ခု ဇွန်လ ၄ ရက်နေ့ တီယမ်နမ်မင်း ရင်ပြင်က ဆန္ဒပြ ကျောင်းသားတွေကို စပြီး ဖြိုခွင်းပြီ ဆိုတဲ့ အချိန်မှာ သြစတြေလျ သံအရာရှိ တယောက်က ၊ လျူရှောင်ဘို ကို သူ့ကား နဲ့ ကယ် ထုတ် လာ နိုင်ခဲ့တယ် လို့ သြစတြေလျ အေဘီစီ ရုပ်သံက လွှင့်သွားတဲ့ တွေ့ဆုံခန်းတခုမှာ အဲဒီ သံအရာရှိ ကိုယ်တိုင်က ပြန်ပြောင်း ပြောပြ လေသည် ။ သံရုံးရှေ့ ကို ရောက်တော့ - ကဲ ငါတို့ အထဲ ၀င်ဖို့ တံခါး ပွင့်လိမ့်မယ် . . . ၀င်သွားပြီးတာနဲ့ မင်းဟာ နိုင်ငံရေး ခိုလှုံခွင့် အကျုံးဝင်သွားပြီ . . . ဒီနိုင်ငံကနေ ခွါရလိမ့်မယ် . . . ဒါမှမဟုတ် ဒီ အနားက မင့်ရဲဘော် တွေဆီ သွားပြီး ပုန်းမလား - ဆိုတော့ လျူက ခဏ စဉ်းစားပြီး ၊ ကားပေါ်ကနေ ဆင်းသွားခဲ့ သတဲ့ ။ နောက်တနေ့ ညနေမှာပဲ သူ အဖမ်းခံ လိုက်ရတယ်။ တရုတ်စစ်တပ်က ဖြိုခွင်းဖို့ လုပ်နေတဲ့ အချိန်မှာ ဒီ ရင်ပြင်ထဲက သောင်းပေါင်းများစွာ သော ကျောင်းသား လူငယ် တွေ ကို ငြိမ်းချမ်းစွာ ဆုတ်ခွါဖို့ ပြောဆို စည်းရုံး နိုင်တဲ့ ခေါင်းဆောင် အနည်းငယ်ထဲက တယောက် ဖြစ်တဲ့ လျူ ဟာ ၊ သူ့ ရဲဘော် ကျောင်းသားတွေ အပေါ် မှာ ၊ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ကျောခိုင်း စွန့် ခွါ ထားခဲ့ နိုင်မလဲ . . . ။

ကိုလံဘီယာ တက္ကသိုလ် မှာ ဧည့်ပညာရှင် တယောက် အနေ နဲ့ ခေတ္တ သွားရောက် နေထိုင်နေတုန်း ၊ တရုတ်ပြည် ကျောင်းသား လှုပ်ရှားမူ ကြီး အမီ အရောက် ပြန်လာခဲ့ တယ်ဆိုတဲ့ လျူ အတွက် ဒီ လှုပ်ရှားမူကြီး နဲ့ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ပါဝင် ပတ်သတ်နေ ခဲ့ လေ မလဲ. . . ။ 

တရုတ်အစိုးရ ကတော့ သူ့ကို “လက်မဲကြီး” လို့ နာမယ်တပ်ပြီး လူဆိုးစာရင်း သွင်းပြစ်ခဲ့သည်။ တကယ်တော့ တရုတ်လူမျိုးတွေ ရဲ့ ယဉ်ကျေးမူထဲမှာ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ ကွန်ဖြူးရှပ် ကို သုံးသပ်ထားတဲ့ စာအုပ် တအုပ်က စလို့ ၊ သူ့ရဲ့ အရေးအသား အယူအဆ တွေဟာ ၊ မဆွခင် မတိုင်ခင်ကတည်းက ၊ တရုတ် လူငယ် စာဖတ်ပရိသတ်အကြား မှာ လူပြောများ အကြိုက်တွေ့ နေခဲ့တာမို့ ၊ ဒီ အရေးတော်ပုံ ကြီး အပေါ်မှာ တစုံတရာ ထက်ကို ၊  ပို ပြီး သက်ရောက်မူ ရှိချင် လည်း ရှိခဲ့ ပေလိမ့်မည်။ 

တရုတ်လူမျိုးတွေ ရဲ့ ဘုရားလို ဖြစ်နေတဲ့ ကွန်ဖြူးရှပ် ကိုတောင် ဝေဖန် ပိုင်းခြားခြင်လာတဲ့ အသိအမြင် တွေ ၊ လျူ့ ဆီ ကို နေရင်း ထိုင်ရင်း အလိုလို ရောက်လာခဲ့တာတော့ မဟုတ် ။ ၀ိဇ္ဇာ ပညာ နဲ့ ပါရဂူ ဘွဲ့ ရ ထားတဲ့ တက္ကသိုလ် ဆရာ လျူ က ၊ ၁၉၈၀ လောက်က စပြီး ၊ အမေရိကန် နဲ့  ဥရောပ တိုင်းပြည် တချို့ကို ပညာရေးကိစ္စ နဲ့ ရောက် သွားခဲ့တယ် ။ လိုက်ကာ ကို ဖယ်ပြီး ပွဲခင်းထဲ ကို မြင်လိုက်ရသလိုမျိုး ၊ မတူညီ မူတွေ အများအပြား နဲ့ ကျယ်ဝန်းလှ တဲ့ ကမ္ဘာကြီးကို မြင် လိုက်ရ တဲ့ လျူ ဟာ ၊ ရုတ်တရက် တော့ အနောက်ကမ္ဘာ ရဲ့ လွတ်လပ်တဲ့ အယူအဆ အတွေးအခေါ် တွေ အပေါ်မှာ ၊ အထင်ကြီးစိတ် တွေ ၀င်သွားခဲ့ ဟန် တူရဲ့ ။ အစောပိုင်း မှာ အမေရိကန် အစိုးရ ပေါ်လစီ တွေကို ချီးမွမ်းရေးသား ခဲ့တဲ့ စာတွေကြောင့် တချို့ ကလည်း အမျိုးသား သစ္စာဖောက် လို့ စွပ်စွဲတာတွေ ရှိ ခဲ့ တယ်။ 

နောက်ပိုင်းမှာ တော့ အနောက်တိုင်း စံ နှုန်းတွေ မှာလည်း အပစ်အနာတွေ မကင်းဘူး ဆိုတာကို သူ နားလည် သဘောပေါက်လာတယ် ။ အာဏာရှင် တပါတီ အောက်မှာ နှစ်ပေါင်း သုံးဆယ်လောက် နေထိုင်ကြီးပြင်း ခဲ့တဲ့ လူတယောက် အတွက် ၊ လူ့သမိုင်း ရဲ့ ကြမ္မာကို ၊ လွတ်လွတ်လပ်လပ် သုံးသပ် ကြည့်ချင်ခဲ့တာပါပဲ - လို့ - သူ့ကိုယ်သူလည်း ပြန်သုံးသပ် နိုင်ခဲ့တယ် ။ ဒါပေမဲ့ သူ့မှာ ရွေးချယ် စရာ နည်းပါးတဲ့ အတွက် သူလုပ်နိုင် / လုပ်ဖြစ် နေမှာကတော့ - အနောက်တိုင်းရဲ့ စံနှုန်းတွေ ကို အသုံးပြုပြီး တရုတ်ပြည် ကို ဝေဖန် မယ် . . . သူ့ ရဲ့ စာပေ ဖန်တီးနိုင်စွမ်း ကို အသုံးပြု ပြီး အနောက်ကမ္ဘာကို လည်း ဝေဖန်မယ် လို့ ၀န်ခံ ကတိပေး ခဲ့တယ်။ 

တီယန်နန်မင်း ရင်ပြင် အပြီး ထောင် ဒဏ် ၂ နှစ် အကြာ ပြန်လွတ်လာ တဲ့ အချိန်မှာ သူ့ ရဲ့ ပထမ အိမ်ထောင်နဲ့ သားလေးက အမေရိက ကို ထွက်သွားခဲ့ပြီ ။ အလုပ်တွေ ပြုတ် မိသားစုပါ ပြုတ်သွားတဲ့ လျူ ကတော့ စာတွေ ဆက်ရေး နေခဲ့တယ်။ ကွန်မြူနစ် ပါတီကြီးကို ဆက် ဝေဖန် နေခဲ့တယ်။ တရုတ်ပြည်ကြီးကို ဆက် ဆန်းစစ် နေ ခဲ့တယ်။ အလုပ်စခန်း တခုမှာ နယ်နှင် ထိန်းသိမ်းခံ နေရတုန်း မှာ အခု ဇနီးသည် ဖြစ်တဲ့ လျူရှောက် နဲ့ ဆုံကြတယ်။ တရုတ်ဘုန်းကြီး တပါး လို တည်ငြိမ် တဲ့ လျူရှောင်ဘို နဲ့ တရုတ်သီလရင် တပါး လို  တိတ်ဆိတ် တဲ့ လျူရှောက် တို့ ဇနီးမောင်နှံ ၂ ယောက် ဟာ၊ စိတ်ဝင်စားစရာ ကောင်းလှ စွာပဲ ၊ နိုင်ငံရေး အတွေး. . . အနုပညာရေး အလုပ်တွေ အသီးသီး နဲ့ သူတို့ ရဲ့ နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ကြတယ်။ 

တကယ်တော့ လျူ ဟာ ၊ ဟိုး ငယ်စဉ် တက္ကသိုလ် ကျောင်းသား ဘ၀ တည်းက ၊ သူ့ အယူအဆ အတွေးအရေး တွေကို ကဗျာတွေ နဲ့ စတင် ခဲ့တဲ့ ကဗျာဆရာ တယောက်လည်း ဖြစ်ခဲ့တယ် ဆိုတာကို လူတွေ သိပ်သတိမထား မိ ခဲ့ ကြဘူး ။ ခုချိန်မှာတော့ သူ့ရဲ့  “ ဇွန် - လေး တမ်းချင်း”  ဆိုတဲ့ ကဗျာပေါင်းချုပ် စာအုပ်ကို နိုင်ငံတကာ က ပါ၊ စိတ်ဝင်စားလာကြတယ်။ ပထမဆုံး အကြိမ် ထောင်ကျ တဲ့ နှစ်က စ လို့ ၊ ဒုတိယ အကြိမ် ထောင်မကျခင် ၂၀၀၉ ခုနှစ် အထိ ၊ ဇွန် လ (၄) ရက်နေ့ကို ရောက်တိုင်း ၊ နှစ်စဉ်မပြတ် ရေးဖွဲ့ ခဲ့တဲ့ သူ့ ရဲ့ “ ဇွန်- လေး ” ကဗျာတွေကို ၊ သူ့မိတ်ဆွေ ဂျက်ဖရီယမ်း ဆိုသူ ၊ အင်္ဂလိပ် လို ပြန်ဆို ထားတဲ့ အဲဒီ စာအုပ်ထဲက ကဗျာ အပိုင်းအစ တချို့ကို မွှေနှောက် လှန်လျော ကြည့်မိတော့ - လေးနှစ်မြောက် မှာ ၊ စပ်ဆိုခဲ့တဲ့ လေးပုဒ်မြောက် ကဗျာလေး ရဲ့ ပါဒလေး - လေးခု အောက်မှာ အတွေးတွေ ခဏ ရပ်တန့် သွားခဲ့တယ်။ 


In the brain-mass
there’s one shoe
that cannot find the road to memory


ဦးဏှောက် အစိုင်အခဲ ထဲ 
နစ်ကျန်ခဲ့တဲ့ ဖိနပ်တဖက် 
အတိတ်ရဲ့ လမ်းကို သူ ရှာမတွေ့ နိုင်တော့ပြီ . . . 


ကျောင်းသား နဲ့ လူအများ သွေးမြေကျခဲ့တဲ့ ဇွန် လေး ရက်က ၊ လျူ ရဲ့ ဦးဏှောက်ထဲ မှာ ဘယ်လောက်တာင် နက်ရှိုင်းအောင် စွဲထင် နေ ခဲ့လေ သလဲ ။

ဖတ်ရင်း နဲ့ ၊ နောက်ဆုံး ကဗျာကို ရောက်လာတယ်။ ၈၉  ကနေ ၂၀၀၉  ... သက္ကရာဇ်  ကိန်းဂဏန်းတွလည်း တဖြည်းဖြည်း နဲ့ တိုး လာတယ်။


The day seems more and more distant
and yet for me
it remains a needle inside my body


အဲဒီရက်ဟာ ဝေး သထက် ဝေး ကွာသွား ခဲ့. . . 
ငါ့အတွက်တော့ 
ခန္ဓာကိုယ်ထဲမှာ အပ်တချောင်း ရှိနေမြဲ. . .


ရင်ပြင်ပေါ်မှာ သွေးသံရဲရဲ နဲ့ ကျဆုံးခဲ့တဲ့ သူ့ ရဲဘော် တွေရဲ့ အလောင်းတွေဟာ ၊ ရှင်သန် ကျန်ရစ် တဲ့ လျူ အတွက် အပစ်ကြီး တခု လို ၊ သူ့ ခန္ဓာကိုယ်ထဲ စိုက်ဝင် နေခဲ့ လေ သလား ။

ကဗျာစာအုပ်လေး ကို လှန်လျော ပြီး သွားတော့ ... လူတယောက်လို စကား ပြောပေမဲ့ ၊ တစ္ဆေ တကောင်လို စာရေး တယ် - ဆိုတဲ့ လျူ့ ရဲ့ တခြား စာတွေကိုလည်း ဆက် ဖတ်ကြည့်ချင်နေမိတယ်။

တီရင်နန်မင်း ရင်ပြင် နှစ် အစိတ်ပြည့်တဲ့ ဒီနေ့ ဒီ အချိန်မှာတော့ ၊ တရုတ်ပြည်ကြီးဟာ တချိန်က ကျောင်းသားတွေရဲ့ ဒီမိုကရေစီ အရေး တောင်းဆိုသံ တွေ ၊ သွေးပျက် ငြီးတွား သံ တွေကို ၊ မေ့ချင်ဟန် ဆောင်ရင်း ၊ စီးပွားရေး အရ ကမ္ဘာ့ နံပါတ် တစ် နေရာကို ရောက်ခမမ်းလိလိ ။အသက် ၆၀ အရွယ် ရှိလာပြီ ဖြစ်တဲ့ လျူ ကတော့ ၊ တရုတ်ပြည်ရဲ့ ပီကင်း အကျဉ်းထောင်ကြီးထဲ မှာ . . . ချာတာ (၈) လို့ ခေါ်တဲ့ တပါတီ အာဏာရှင်စနစ် ရပ်စဲ ဖို့ သဘောထား ထုတ်ဖော်တဲ့ စာတမ်း ကြောင့် ၊ ၂၀၀၉ ခုနှစ်က ကျခဲ့နေတဲ့ ထောင်ဒဏ် ဆယ့်တစ် နှစ် မှာ တ၀က်ကျိုးလု ကျိုးခင် ။ သူ့ ဇနီးသည် မှာက ၊ ရဲ အစောင့်တွေ အမြဲ စောင့်ကြည့်နေတဲ့ နေအိမ် တိုက်ခန်းလေး ထဲမှာ ၊ ဘယ်သူနဲ့ မှ တွေ့ခွင့် မရပဲ ၊ စိတ်အခြေအနေ တိမ်းစောင်းလုလု ။

“ ဇွန် - လေး ” ကဗျာ အသစ်တွေ ဘယ်နှယ်ပုဒ် ဆက်ရှိနေသေး လည်း  ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေး။


++++++++

ကေသွယ်

ည ၁၁ နာရီ ၃၄ မိနစ်
ဇွန် ၄ ရက် ၂၀၁၄

( ဇွန် ၄ တရုတ် ဒီမိုကရေစီ အရေးတော်ပုံ အမှတ်တရ - မိုးမခ အတွက် ရေးသား သည်။ )


Share/Bookmark

အတိတ်ကို ပြန်တွေးလို့ ရာဇ၀င်သာ အသစ်ပြင်ရေး







ကောင်းကင်ကြီးက ကြည်ကြည် ။ အလံတွေက နီနီ ။ ပြည်သူတွေက ညီညီ ။ မိန့်ခွန်းတွေက တည်တည် ။ ဗိုလ်စိန်မှန် ကွင်း က နေမှ အောင်ပင်လယ်ကြီးထဲ ထိ စီးမျောလို့ ။ အဲဒီတော့ အတွေးတွေကလည်း စီရရီ ပေါ့ ။

“ မေ လ တို့  ရင့်အိုဟောင်းချိန် . . . ၀သာန်မိုးဦး မုတ်သုန်မြူးပြီ . . . တိမ်ညို မိလ္လာ ရစ်ဝိုင်းကာလေ . . . တထောင့်ကိုးရာ ကိုးဆယ် မေ မှာ . . . တို့ နိုင်ငံ သမိုင်း အသစ်ပြင်ရေးကြမည် . . .”

အခုလိုပဲ မေလ ရဲ့ ရက်တွေမှာ ရွေးကောက်ပွဲ လှုံ့ဆော်တေး တွေ လေထဲမှာ ပျံ့လွင့်နေခဲ့သည်။ ခြေလှမ်းတိုင်းမှာ တက်ကြွမူတွေ ။ ပင်နီဝတ်စုံ တွေပေါ်က  လုံ့လဥသဟ တွေ ။ ခမောက်ကြီးတွေ ရဲ့  ဗျပ်ကျယ်ကျယ် အ၀န်း တလျှောက်  မျှော်လင့်ချက်တွေ ခိုတွဲရင်း. . . ဦးထိပ်ချွန်ချွန် ရဲ့ ပန်းပွားတွေကနေ တဆင့် အောင်စိတ်တွေက ကောင်းကင်ယံကို ထိုးထွက်လို့ ။ သီချင်းလေး ထဲက လိုပဲ  အာဏာရှင်စနစ် ကြီး က ရင့်အိုဟောင်းပြီး ဒီမိုကရေစီ လေညင်းတွေ မြူးနေ ခဲ့တယ်။ ဒါပေမဲ့ တိမ်တောင်သဖွယ် မင်ရေးကျယ် တဲ့ မြန်မာ့နိုင်ငံရေး ရာသီဥတု ကြီးထဲ မှာ ၊ အဲဒီတုန်းက ကျမ တို့တွေရဲ့  နိုင်ငံ့ သမိုင်းကို တကယ်ပဲ အသစ်ပြင်ရေး နိုင်ခဲ့ကြရဲ့ လား ။


အပြောင်းအလဲကို လိုလားနေတဲ့ ပြည်သူတွေ အားလုံးက နိုင်ငံ့ သမိုင်းကို အသစ်ပြင်ရေးကြမယ်ဟေ့ လို့   ကြိုးစားခဲ့ကြ ပေမဲ့ ၊ ရာထူး အာဏာ တွေပေါ်မှာ ယစ်မူးဖက်တွယ် နေတဲ့ စစ်အာဏာရှင်တွေ ရဲ့ တဖက်သက် အကြောင်းပြချက်ကတော့ ၊ အသစ်ပြင်ရေး ထားတဲ့ အခြေခံဥပဒေ တခု မရှိနေသေး - ဆိုပြီး ၊ ၁၉၉၀ ရဲ့  အောင်ပွဲ ရလဒ် ကို အကောက်ကြံ နဲ့ မှောက်လှန် ထားခဲ့လိုက်တာ ကနေ့အထိပဲ ဆိုပါတော့ ။ တကယ်တော့ မြန်မာ့သမိုင်းမှာ … တလအတွင်း အရေးပေါ် အပြီးရေးဆွဲခဲ့တာ ဆိုတဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကလွဲရင် ၊ တော်လှန်ရေးကောင်စီ အစိုးရ ရဲ့  ၁၉၇၄ ဖွဲ့စည်းပုံ ဆိုတာလည်း ဦးနေ၀င်း အာဏာသိမ်းပြီး ဆယ်နှစ်ကျော် ကြာမှ တရားဝင် အတည်ပြု နိုင်ခဲ့တာလေ။

“ ပြည်သူ့ အစိုးရ တခု ကို ဖော်ထုပ် တည်ထောင်ရန် ဟူသော နားလည်ခံယူချက်ဖြင့် ပြည်သူတို့၏ ဆန္ဒအရ ရွေးကောက်တင်မြှောက် လို်က်သော ပြည်သူ့ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းအပ်သည့် ပြည်သူ့ လွှတ်တော်သည် စတင်ခေါ်ယူ စည်းဝေးသည့် အချိန်မှ စ၍ အချုပ်အခြာကို ပိုင်ဆိုင်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိသည် ဖြစ်စေ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြဌါန်း ပြီးသည်အထိ အုပ်ချုပ်ပိုင်ခွင့် ရှိသည် ” 

ဆိုတဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အာဘော် သဘောထားကို ၊ ရွေးကောက်ပွဲ အနိုင်ရပြီး နှစ် လ တိတိအကြာ ဇူလိုင် ၂၇ ရက် မှာတော့  သမိုင်းဝင် ဂန္ဓီညီလာခံ ကြီး နဲ့ အတူ လက်တွေ့ အကောင်အထည်ဖော်ခဲ့တော့တယ်။

အဲဒီအချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တကွ အဖွဲ့ချုပ် ခေါင်းဆောင် တော်တော်များများကို အကျယ်ချုပ် အကျဉ်းချုပ်တွေ အသီးသီးနဲ့  စစ်တပ်ရဲ့  ဗျုဟာကျကျ လူစုခွဲ နေရာခွဲ  ရပ်တည်ချက်တွေပါ ကွဲပြားအောင် လုပ်ထားပြီးပြီ။   ဒါပေမဲ့ ဂန္ဓီခမ်းမရှေ့ က မိုးရေတွေထဲမှာ   ပြည်သူလူထု ကြီးက
 မျှော်လင့်ချက်တွေ အပြည့်နဲ့ သောင်းသောင်းဖြဖြ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ မှာလည်း ၊ ပြည်သူတွေနဲ့ အပြိုင် ဇူလိုင် မိုးသည်းသည်းကို အံတုရင်း  ၀မ်းသာ ၀မ်းနည်း မျက်ရည်တွေ ဖြိုင်လို့ ။ ဒါပေမဲ့ ဂန္ဓီခမ်းမ ရဲ့ အဆင်းမှာပဲ အဖွဲ့ချုပ်ရဲ့  အင်အားတွေ ဦးဆောင်မူတွေ တွဲဆက်မူတွေ ကို ၊  တခုခြင်း တယောက်ခြင်း တရက်ခြင်း စနစ်တကျ ဖြိုခွင်း ခံရလေတော့ပြီ။


အဲဒီကတည်းက ပြည်သူ့ အစိုးရ သာ ဖြစ်ခဲ့မယ်ဆိုရင် ၊ အစိုးရတွေ  လေး- ငါး ဆက် လောက် တောင် ပြောင်းပြီး နေလောက်ပြီ ဖြစ်တဲ့ ၊ ဆယ်စုနှစ် နှစ် ခု နီးပါး  ရှိလာတဲ့ အချိန် မှာတော့ ၊ စစ်တပ်အစိုးရ ပြောတဲ့ လိုအပ်နေတယ်ဆိုတဲ့ ရေးဆွဲနေတယ်ဆိုတဲ့ ၊ တဖက်သက်  အခြေခံဥပဒေ ဆိုတာ ကြီး ရလာခဲ့ပါပြီ တဲ့ ။  နာဂစ်ဥပဒေ ၊ မသာ မီးကွင်းပစ် ဥပဒေ  ၀ိသေသ တွေ အထူးထူး ၊ ၀ိဝါဒ တွေ အထွေထွေ ဖြစ်နေတဲ့ ၊ ဒီ အခြေခံ ဥပဒေ ကြီးကို . . . ကဲ အခု နောက်တခါ အသစ်ပြင်ရေး ကြရအုံးမည် ။


ပုဒ်မ ၄၃၆ ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မူ ဆိုင်ရာ ပုဒ်မကြီးကို ပြင်ဆင်ဖို့ ရန် အတွက် ၊ ပြောကြသလိုဆို … စစ်ဘားတိုက် လွှတ်တော်ကြီးရဲ့ မျက်နှာစာ တံခါးကြီးကို ဖွင့်ပစ် နိုင်ဖို့ အတွက်၊   ပြည်သူ့ ဆန္ဒ ထုပ်ဖော်ပွဲ တွေ  လမ်းမတွေပေါ် လျှံကျ လာပြန်ပြီ။ လက်မှတ်ရေးထိုး ဆန္ဒဖော်ထုပ်လွှာတွေ လူတွေကြားထဲ ပျံဝဲ လာပြန် ချေပြီ။ အဲဒီအတိုင်းပါပဲ ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ကာလတွေ တုန်းကလည်း ၊ ၁၉၉၀ အထွေအထွေ ရွေးကောက်ပွဲ ကြီးနဲ့ အတူ  ပြည့်သူ့ဆန္ဒဖော်ထုပ်လွှာ တွေ တတိုင်းပြည်လုံး အနှံ့ ၊ လျှံခဲ့ ပျံခဲ့ သည် ပဲ မဟုတ်လား ။


“ခမောက်ရဲ့ ဘေးမှာ ကြက်ခြေခတ်လို့ . . . သမိုင်းဟောင်း အသစ်ပြင်စို့ . . . ဖြောင့်မတ် တည့် မှန်တည်ကြည် ဂုဏ်မချို့ . . . အဖွဲ့ချုပ်သဘောထားမို့  . . . ရည်မှန်းချက် လ၀န်းအိမ်  ဒီနွေမိန် ရွှန်းကြည်လဲ့လို့ . . . ဘ၀ မချို့ အလှ မချို့  အားမာန်မချို့ပါ  . . . ပြည်သူ့ အောင်မြေ သပြေနု ချိန် မို့ . . .”


မဲစာရွက်တွေ ပေါ်က၊  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သင်္ကေတ ခမောက်ပုံ ရဲ့ ဘေးမှာ ကြက်ခြေခတ်နိုင် ဖို့ အတွက် ၊ ကျမ တို့ လူငယ်တွေ တရွာဝင် တရွာထွက် ၊ ဟောပြော စည်းရုံးခဲ့ကြသည်။ မေလ ရဲ့  နွေနေက စူးရဲ လှပေမဲ့  မမောနိုင် ကြ မပမ်းနိုင်ကြ ။ သမိုင်းအဟောင်း တွေကို ဒီတချီတော့ အသစ်ဖြစ်အောင် ပြင်နိုင်ကြတော့မယ်… လို့  လုံးဝ ဧကန် စိတ်ချ မျှော်လင့် လို့ ပေါ့ ။ လ၀န်းအိမ် ကြီး ကလည်း မိုးကောင်းကင် မှာ ကြည်လင် ၀င်းပ အေးမြ လို့ပေါ့ ။


“  ‘စု’ နိုင်မှ ချမ်းသာမည် . . . ‘စု’ နိုင်မှ ကြီးပွားမည် . . . ‘စု’ နိုင်မှ တိုးတက်နိုင်မည်  ယုံယုံကြည်ကြည် စုံစုံညီညီ တို့အားလုံး ယုံကြည် . . ”


သီချင်းလေးတွေ ဆောင်ပုံလေး တွေက ကျမတို့ နှုတ်ဖျား မှာ တရွရွ တဖွဖွ ။ “ ပိတောက်တွေ လှိုင်တဲ့ နှစ်… ခမောက်တွေ နိုင်မဲ့ နှစ်”   ဆိုပြီး ပိတောက်ပန်း တွေကတောင် တခဲနက် အောင် ၀င်းဝါထိန် လို့ ။ “ငု နဲ့  ပိတောက် နွေမှာပြိုင် . . .  စု နဲ့ ခမောက် မေမှာနိုင်” ဆိုတဲ့ အတိုင်း အားလုံးရဲ့ ခေါင်းပေါ်မှာ ခမောက်တွေ နေရာယူခဲ့တဲ့ ၁၉ ၉ ၀ မေ ။

ဒီနှစ်တော့ ငွေရတု အကြို သို့ တိုင်ခဲ့လေပြီ ။  ခေတ်တခေတ် ဒါမှမဟုတ် သမိုင်းအဖြစ်သနစ် တခု ပြောင်းလဲ ထုဆစ်ပုံဖော် နိုင်လောက်အောင် လုံလောက်တဲ့ ၊ နှစ်ဆယ့်လေးနှစ် ဆိုတဲ့  အချိန်ကာလ မှာ၊   လ၀န်းအိမ်ကြီး က ၊ မိုးကောင်းကင်မှာ ရှိနေဆဲပါပဲ ။ ‘စု’ ကလည်း အားလုံးရဲ့  နှလုံးသား မှာ ကြီးစိုးလွှမ်းမိုး နေဆဲပါပဲ ။  ဒါပေမဲ့ ခမောက်တွေ ရဲ့  နွေဆောင်ပွဲ  မေအောင်ပွဲကြီး ကိုတော့ ရုပ်ရော နာမ်ရော ဒြပ်ရော ကျမတို့ ဘယ်လိုမှ ရှာ မတွေ့ နိုင်ကြ တော့ဘူး ။ အဲဒီ အောင်ပွဲကြီးထဲက အောင်ပွဲခံ ပြည်သူ့ ကိုယ်စားလှယ် တွေမှာလည်း တချို့ (ရုပ်) မရှိတော့ပေမဲ့ (နာမ်)ရှိနေသေး . . . တချို့  (ရုပ်) ရှိနေသေးပေမဲ့ (ဒြပ်) မရှိတော့ ။ ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ် တယောက် ဖြစ်ခဲ့တဲ့ ကျမရဲ့ ဖခင်ကြီး ထံမှာတောင် ၊ နိုင်ငံရေး (ရုပ်-နာမ်-ဒြပ်) တွေ  ကျမ သေချာ မခွဲ ခြားနိုင်တော့ ။ သူ့ဆီမှာ ဆဲဗင်းဇူလိုင် ၀ိညဉ်တွေက စလို့  ၊ ရှစ်လေးလုံး ဖြတ်သန်းမူတွေ  အလယ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တယောက်ရဲ့  ရုန်းကန်ရပ်တည်မူ တွေ အထိ  နိုင်ငံရေး (ဒြပ်)သားတွေ အပြည့် ရှိနေသေးပေမဲ့ ၊ သူ့ရဲ့ (နာမ်) ကတော့ ၊ သူ အင်မတန် မြတ်နိုးလှတဲ့ အဖွဲ့ချုပ်ကြီး နဲ့  မသက်ဆိုင်တော့ပြီလား ။ အဖွဲ့ချုပ် ရဲ့   ၉၀ ရွေးကောက်ပွဲအလွန် ၊ ဂန္ဒီခန်းမ ညီလာခံအဆင်း ၊ နိုင်ငံရေး မုန်တိုင်းကြမ်းကြီးထဲမှာ ၊ မားမားရပ်ပြီး နိုင်ငံရေး အန်တုဖို့ ကြိုးစားခဲ့တဲ့ အတွက် ၊ အဲဒီတုန်းက ပါတီရဲ့   နို့ထိန်း ခေါင်းဆောင်ဖြစ်သူများရဲ့  အငြိုအငြင် အထင်မြင်လွဲမူကို ခံခဲ့ရသည်။ ပါတီရပ်တည်ရေးကို သာ ဦးစားပေး ပြီး ၊ နိုင်ငံရေး ရပ်တည်ချက်ကို  အလျှော့ပေး ထိုးကျွေးခဲ့တဲ့ ၊ အဖွဲ့ချုပ်ရဲ့ သမိုင်း အမှောင်တကွေ့ မှာ ၊ သူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက် (ဒြပ်)သားထု အတွက် ၊ (နာမ်) နဲ့ (ရုပ်) တချို့ ကို စတေး ပြစ်ခဲ့ရသည်။ အခုတော့ ကျမတို့ အိမ်ရဲ့ နံရံ ထက်မှာ ခမောက်ဆိုတဲ့ (ရုပ်) ကြီးတွေ ပင် မရှိတော့ ။ မရှိတော့ ဆို ၊ အသစ်တဖန် ပြန်လည် နိုးထ လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကြီး ရဲ့  အလံကိုင်သူ  “စု” ကိုယ်တိုင် ကတောင် ၊ အတိတ်ကို အရိပ်ထဲမှာ ထားခဲ့ချင်သည်ပဲ ။ ၉ ၀ ရလာဒ် အကြောင်း စာမဖွဲ့ တော့ပြီပဲ ။ ခမောက်ကြီး တွေ ကို ၊ ဘေးမှာ ချ ထားလိုက်ပြီပဲ ။


ခမောက်ကြီး တွေထဲမှာလည်း ၊ အမှည့်ကြွေ အစိမ်းကြွေ ၊ ကြွေပုံ အနည်းနည်း နဲ့ ကြွေတဲ့သူတွေက ကြွေသွားကြပြီ ဖြစ်ပေမင့် ၊ နိုင်ငံရေးအားဖြင့်  သူတို့ ကျွတ်လွတ်  ကြပါ့မလား ။၉၀ ရလာဒ်ကို  အသိအမှတ်ပြုခြင်း ဆိုတဲ့ ၊ နိုင်ငံရေး အမျှဝေ ခြင်း မလုပ်နိုင်သေးသ၍ ၉၀ အောင်ပွဲ သံယောဇဉ် အစွဲတွေ ထဲမှာ သူတို့ ၀ဲလည်နေကြပေဦးမည် ။ လူလည်း မကြွေ ယုံကြည်ချက်တွေလည်း မကြွေသေးတဲ့ သူတွေ မှာလည်း အခြေအနေ အရပ်ရပ် အရ ရပ်တည်ချက်တွေ ပြောင်းချင်ပြောင်း စောင်းချင်စောင်း သွား ရပေမယ့် ၊  ၉၀ ရလာဒ်ကြီး ကို စိတ်မှာ စွဲ … ကြိတ်ကာ ခဲ ရင်း  မပြေ မကြေ နိုင် ရှိနေကြပေဦးမည် ။ တကယ်တော့ သူတို့တွေဟာ ၊ ၉ ၀ မေရဲ့  မကြေ မကြွေ မကျွတ် နိုင်သေးသူများပါပေ ။


လက်တွေ့ အရှိ ပကတိ အတိုင်းတင်မက ယုံကြည်ချက် သက်သက်နဲ့  လည်း ရပ်တည်နိုင်တဲ့  နတ္တိပစ္စယော - မရှိခြင်းဖြင့် ကျေးဇူးပြုခြင်း ဆိုတဲ့ နိုင်ငံရေး နည်းနာ တွေကို နားမလည် နိုင်သေးတဲ့ အချိန်တချိန်တုန်းက ဖခင်ဖြစ်သူကို မသိသား ဆိုးရွားစွာ မေးခဲ့ဘူးသည်။ လွှတ်တော်ခေါ်ယူရေး ဆိုတဲ့ သဘောထားက ဒီလောက်နှစ်တွေ ကြာနေမှဖြင့် ဘာအဓိပ္ဗါယ်ရှိတော့မှာလည်း - လို့ ဆိုတော့ -  ဟုတ်တာပေါ့ကွာ လူတွေလည်း စုံစုံညီညီ မရှိနိုင်တော့ဘူးပေါ့ . . .ဒါပေမဲ့ ပြည်သူ့ဆန္ဒကို အသိအမှတ်ပြုတယ် ပြည်သူ့အစိုးရ တခုကို အလေးအနက်ထားတယ် ဆိုတဲ့ နိုင်ငံရေး အစဉ်အလာတခုကို ရှိစေချင်တာ ၊ ဒီမိုကရေစီ အောင်စိတ်ကို နောက်တက်လာမဲ့ အစိုးရအဖွဲ့ တခုဆီ သိက္ခာရှိရှိ ငြိမ်းငြိမ်းအေးအေး လက်လွှဲပြောင်းပေးနိုင်ယုံပဲ ဖေဖေ တို့ မျှော်လင့်တာပါကွာ -  လို့  ၉ ၀ အရေးကို အံကြေးပြီး ဖြေရှာတယ်။ အေး ဒါပေမဲ့ ၁၉၉၀ မေ ဆိုတဲ့ ပြက္ခဒိန်စာရွက်ကိုတော့ သမိုင်းထဲကနေ ဘယ်သူမှ ဆုတ်ဖြဲ ပြစ်ခွင့် မရှိဘူး . . . ကျော်ချ သွားလို့ မရဘူး . . . ငါတို့မှာ စစ်အာဏာရှင်တွေရဲ့ အတိတ်က ကြမ်းကြုတ် ရက်စက်မူတွေကို လက်စားချေလိုစိတ် မရှိပေမဲ့ သင်ပုန်းချေလိုစိတ်လည်း လုံးလုံး မရှိဘူးကွာ … လို့  ယတိပြတ် ဆိုလေသည်။


အဲဒီလိုပဲ  “စု-လွှတ်-တွေ့ ” ကို တလျှောက်လုံး ကိုင်စွဲ လာတဲ့  အဖွဲ့ချုပ် တည်ထောင်သူ နာယက ကြီး ဦးဝင်းတင် ကလည်း  သူ့ကိုယ်သူ ၉ ၀ စော် နံသူ လို့  အမြဲ ဂုဏ်ယူ စွာ ၀န်ခံတတ်လေသည်။ ၉၀ ရလာဒ်ကို နားလည် တန်ဖိုးထား ခဲ့လေသည်။ သူ့ရဲ့  “ ဘာလဲဟဲ့ … လူ့ငရဲ ” စာအုပ်ထဲက အခန်းတခန်း ရဲ့ ခေါင်းစဉ် ပေးထားပုံကို ကျမ တော်တော်လေး စိတ်ဝင်စား လေးနက် မိသည်။
 ခေါင်းစဉ်က  - “အနာဂါတ်ကို ပြန်သွားခြင်း”


တကယ်ဆို အနာဂါတ် ဆိုတာ ရှေ့ကို လျှောက်ရမှာလေ ၊ ပြန်သွားလို့ မှ မဖြစ်နိုင်တာ ။ ဒါပေမဲ့ ဦးဝင်းတင်ကတော့ အနာဂါတ်ကို ပြန်သွားယုံတင်မက ၊ တူးဆွဖော်ထုပ် ထားတယ်။ ပစ္စုပ္ဗန် နဲ့ ဆက်စပ် ပေါင်းစည်းထားတယ်။  တကယ်တော့ ဒီ “အနာဂတ်” ထဲမှာ သူ တင်စား သိမ်းဝှက်ထားတဲ့ အရာတွေက ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေပေါ့ ။ သူပြောသလိုဆို ရှစ်လေးလုံး ရဲ့ အနာဂတ် ၊ ၉၀ မေ ရဲ့ အနာဂတ် ၊ ဂန္ဓီကြေငြာစာတမ်း ရဲ့ အနာဂတ် ၊ ရွှေဂုံတိုင် ကြေငြာစာတမ်းရဲ့ အနာဂတ်  … အားလုံးသော ရည်မှန်း မျှော်လင့်ချက်တွေဟာ စစ်အာဏာရှင် စနစ်မှန်သမျှ ကို ဆန့်ကျင် တိုက်ဖျက်ရေး ဆိုတဲ့ အခြေခံ မူပေါ်မှာပဲ ရှိနေသင့်တယ်… တဲ့။

“ဆယ်စုနှစ် နှစ်ခုကျော် ကျွန်တော်တို့ရဲ့ အနာဂတ်တွေဟာ အနာဂတ် အဖြစ်နဲ့သာ ရှိတည်နေပါသေးတယ် ”  လို့ ဆိုလိုက်တော့မှ ၊ အနာဂတ် ကို ပြန်သွားခြင်း ရဲ့ အဓိပ္ဗါယ်က ပေါ်လွင်လာတယ်။  အနာဂတ်ကို ပြန်သွားနေစရာ မလို တော့ဘဲ  တော်လှန်-မာန်-ညဏ်-သတ္တိတွေ နဲ့ အနာဂတ်ကို ချီတက် ကြပါလို့ လည်း ဦးဝင်းတင်က  နှိုးဆော် ထားခဲ့တယ်။ အနာဂတ်ကို ချီတက်ဖို့ အတွက် “ နိုင်ငံရေးသစ် ” ဆိုတဲ့ လမ်းကိုလည်း တိတိပပ ၀ိသေသ နဲ့ ဖော်ညွှန်းပေးခဲ့သလို ၊ လမ်းဖောက်ရမဲ့ လက်နက် ယန္တယားတွေကိုပါ တခါတည်း  နေရာ ပြ ခဲ့တယ်။

“နိုင်ငံရေးသစ် ဆိုတာ စကားလုံးသာ ကြီးကျယ်တာပါ။ လုပ်ရမယ့် ကိစ္စက သိပ် အကြီးအကျယ် မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ နိုင်ငံရေး အင်အားစုတွေ လက်တွဲပေါင်းစည်း လှုပ်ရှားဖို့ပါပဲ ။ အားလုံး အသံတူ အော်ကြဖို့  အလုပ်တူ ဖော်ကြဖို့ပါပဲ ။ အားလုံး ညီညွတ် လက်တွဲ ကြဖို့ပါပဲ ။ နိုင်ငံရေးသစ် ဆိုတာ ဒါပါပဲ ။”

နိုင်ငံရေးသစ် ကို ကျမတို့ တကယ်ပဲ တောင့်တ ပါတယ်။ ရာဇ၀င် ကို အသစ်ပြင်ရေးဖို့ လည်း ကျမတို့ ခဏခဏ ကြိုးစားခဲ့ ကြတယ်။ ဒါပေမဲ့ အတိတ်ကို ပြန်မတွေးချင်လို့ တော့ မရ ။


­++++++++++

ကေသွယ်
၂၄ မေ ၂၀၁၄


မေလ ၂၇ ရက် မှာ ငွေရတု အကြို နှစ်ဆယ့်လေးနှစ် တိုင်ပြီ ဖြစ်တဲ့ ၁၉ ၉ ၀ ပါတီစုံ ဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲ ကြီး အား ဂုဏ်ပြု သတိရလျက် ......

Weekly Eleven Journal Vol. 9  No. 22  


Share/Bookmark

We Will Cross The Road




တခါတုန်းက ၊ ကားတွေ ဥဒဟို သွားနေတဲ့ စင်ကာပူက အောချဒ် လမ်းမကြီး ပေါ်မှာ ၊ ကျမ ခြေခေါက်ပြီး လဲကျ သွားခဲ့ ဘူးတယ်။ အဲဒီတုန်းက မြန်မာသံရုံးကို သက်တမ်းတိုး အခွန်ဆောင်ဖို့ လာရင်း ၊ ထုံးစံ အတိုင်း မပြီးနိုင် မစီးနိုင် တဲ့၊ စာရွက်စာတမ်းတွေကို မိတ္တူ ဆွဲဖို့ ၊ သံရုံးရှိရာ အတွင်းလမ်းကလေးကနေ ပြန်ထွက်ပြီး ၊ အောချဒ် လမ်းမကြီး တဖက်ခြမ်းမှာ ရှိတဲ့ ဆိုင်တွေ ရှိရာ ကို ဦးတည် စိတ်စောလို့ ။ အလုပ်ကလည်း နေ့တ၀က်ခွင့် နဲ့ လာရတာ ဆိုတော့ ဒီမနက်နဲ့ မှ ကိစ္စ မပြတ်ရင် မနက်ဖြန်တခါ မနက်အစောကြီး ထတန်းစီရအုံးမှာ လို့ စိတ်လည်းမောပေါ့ ။ စိတ်နဲ့ လူနဲ့  ပြန်ကပ်သွား တဲ့ အချိန်မှာတော့ လူက လမ်းမကြီးရဲ့ အလယ်ခေါင် မှာ ဒူးထောက်လျက်သား ။ စာရွက်ဖိုင်က ဘေးနားမှာ ။ ငါတော့ ကားတိုက်လို့ သေရတော့မယ် လို့ စိတ်က တွေးလိုက်တဲ့ အချိန်မှာပဲ ၊ မသိစိတ်တခုက လူကို ကုန်းရုန်းပြီး ထဖို့ ကြိုးစားတယ်။ ကားတချို့ အရှိန်လျော့ သွားတယ် ။ လမ်းမ တဖက်ကို ရောက်သွား တော့မှ ထူပူနေတဲ့ လူက  တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးကို စာရွက်ဖိုင်ကြီး နဲ့  ဖိရင်း ၊ လမ်းမကြီးကို ပြန်လှည့် ကြည့်မိတော့  ဟိုးရှေ့ဖက် ခပ်လှမ်းလှမ်းမှာ ၊ လမ်းကူးတဲ့ မျဉ်းကျား မီးပြတိုင် ကလေးတခု ရှိနေတာကို မြင်လိုက်ရတယ်။ ကံသီပေ လို့ သာပေါ့ ။

တကယ်တော့ ၊ အဲဒီ မျဉ်းကျားမီးပြတိုင် ကလေး တွေ နဲ့ ပတ်သက်ရင် ၊ ကျမ တို့ မှာ ပြုံးပျော်စရာ အကြောင်းလေးတွေ ရှိခဲ့တယ်။ အခုထိ လည်း အဲဒီ မျဉ်းကျားမီးတိုင်လေး တွေမှာ  ရပ်ပြီး လမ်းဖြတ်ကူးဖို့ လုပ်တိုင်း ပြုံးမိနေတုန်းပါပဲ ။ ‘ကျမတို့ ’  လို့ ဆိုရတာက ၊ အဲဒီတုန်းက ၊ ဘန်ကောက်မှာ ဘွဲ့လွန်အထူးပြု သင်ခွင့် ရတဲ့ မြန်မာကျောင်းသား အုပ်စုလေးမှာ ကျမ အပါအ၀င် ၅ ယောက်ရှိတယ်။ ၁၉၉၈ မှာ ဘန်ကောက် ကို စ ထွက်လာတော့ ၊ မျက်စိ သူငယ် နားသူငယ် နဲ့ မြို့စွန်မှာ သီးခြားဖြစ်နေတဲ့ တက္ကသိုလ် ကျောင်းဝင်းကြီး  ထဲကနေ မြို့ထဲကို မသွားရဲ မသွားတတ် ဖြစ်နေတဲ့ မိန်းကလေး ၄ ယောက်ဟာ ၊ အဖွဲ့ခေါင်းဆောင်လို ဖြစ်နေတဲ့ အင်ဂျင်နီယာ အကိုကြီးကို အမြဲ ဆရာတင်ကြတယ်။ ရီစရာ ပြော တတ်တဲ့ အကိုကြီးက ငါ့မှာ Transportation Engineering လာသင်ပါတယ်  နင်တို့  ထရန်စပိုတေးရှင်း ကို အရင်ဖြေရှင်းနေရတယ် လို့ ပြောင်နောက်ရင်း ၊ ပသုံဌါနီ ကို ရောက်လားလို့ မေးပြီး ကြိုက်တဲ့ ကားသာ တက်စီး ၊ အရေးကြီးတာ လမ်းမကြီးတွေကို ကူးရင် အောက်က ဘယ်တော့မှ မကူးနဲ့  flyover တွေ့အောင်ရှာကူး  လို့ သေချာ မှာတယ်။ ကားတွေ ပိတ်ကျပ်နေတတ်သလို ကားဆက်မပြတ် တ၀ီးဝီး ဖြစ်နေတတ်တဲ့ ဘန်ကောက် လမ်းမကြီးတွေမှာ ၊ လမ်းသွားလမ်းလာ တွေ အတွက် ၊ flyover လို့ ခေါ်တဲ့ လူကူးဂုံးတံတားတွေက  နေရာတိုင်းမှာ ရှိတတ်တယ်လေ။ 

အဲဒီ ကျမတို့  ၅ ယောက် အုပ်စု ကြီးက ၊  ဘွဲ့တွေ အသီးသီး ရလို့ ၊ စင်ကာပူ ကို အလုပ်လာရှာ ကြတော့လည်း အတူတူ တတွဲတွဲ ။ စင်ကာပူ စရောက်တော့ ၊ လူကူးမျဉ်းကျားတွေမှာ လူတွေက  မီးပြတိုင်လေးတွေ ရဲ့ ခါးလယ်ကို  နှိပ်နှိပ် ပြီး လမ်းကူးကြတာကို ခပ်လှမ်းလှမ်းက မြင်တော့ ၊ ထုံးစံအတိုင်း ကျမတို့ ရဲ့  ထရန်စပိုတေးရှင်း ဆရာကြီးကို အဲဒါဘာလုပ်တာလဲဟင် -  လို့  မေးကြပြန်ရော ။  အဲဒီမှာ ခလုတ်ကလေး ရှိတယ် လမ်းဖြတ်တော့မယ်ဆိုရင်  ခလုတ်ကလေးကိုနှိပ်ပြီး we will cross the road လို့  ပြောရတယ် . . . ဆိုပြီး ၊ ခပ်တည်တည် နဲ့  မီးတိုင်နားကိုကပ် ပါးစပ်က ပွစိ ပွစိ လုပ် ပြီး ခလုတ်ကို ထပ်ကာထပ်ကာ နှိပ်ပြတော့ ၊ ကျမတို့တွေ မှာ ၊ ရီလိုက်ရတာ ။ တယောက်ပြီး တယောက် ခလုတ်လေးကို နှိပ် ၊ပါးစပ်ကလည်း တယောက်တမျိုး ပြောချင်ရာ ပြောကြရင်း စင်ကာပူရဲ့  ပထမဆုံး လူကူးမျဉ်းကျားတခု ကို စိတ်လက် ပေါ့ပါး ပျော်ရွှင် စွာနဲ့  ကူးဖြတ်ခဲ့ကြဘူးတယ်။  ဒါနဲ့တောင် ကျမက we will cross the road ကို သတိမရ လိုက် လို့ လမ်းလယ်ခေါင် မှာ ၊ အန္တရယ် နီးခဲ့ရသေးတာ။

အဲဒီလို . . . ဘယ်နိုင်ငံကို ရောက်ရောက် လူကိုယ်တိုင် ခလုတ်နှိပ်ပြီး လမ်းကူးရတဲ့ မျဉ်းကျား မီးပြတိုင် ကလေး တွေကိုမြင်တိုင်း we will cross the road ကို စိတ်ထဲကအမှတ်ရ  ပြုံးပြီးမှ လမ်းကူး ရတဲ့ ကျမဟာ ၊ ကို်ယ့် တိုင်းပြည် ပြန်ရောက်ပြီ ဆိုရင်တော့ အပြုံးတွေ လုံးလုံး ပျောက်ရတော့တာပဲ ။ မြို့လယ်ခေါင် ဗိုလ်ချုပ်ဈေး လို လူသွားလူလာ များတဲ့ နေရာမျိုး မှာတောင် လမ်းကူးရ ဖို့ သက်တောင့် သက်သာ မရှိလှ ။ ခလုတ် မပါတဲ့ မီးပြတိုင်ကလေးက စိမ်းချင်ကာမှ စိမ်းရော ကားတွေကလည်း လူကို ဦးစားပေးချင်မှ ပေးတာ လေ ။ အဲဒီနေရာလေး မှာပဲ  ကျမတို့ ဆရာ တယောက် လမ်းဖြတ်ကူးရင်း ကားတိုက်ခံခဲ့ ရ ဘူးတော့ ၊ လမ်းကူးခါနီးတိုင်း FMI centre ကြီးဖက်ကို လှမ်းကြည့်ရင်း ၊ ဆရာ့ကို သာ သတိရနေမိတတ်သည်။ FMI ထဲမှာ ဆိုင်ဖွင့်ထားတဲ့  ဆရာက ညနေ အပြန်၊ မီးစိမ်းနေတုန်း လမ်းဖြတ်အကူး မှာ ၊ လူကြီး လမ်းကြောင်း မောင်းလာတာကြောင့် လမ်းလည်ခေါင်မှာတင် မီးက ရုတ်တရက် ပြန်နီသွားပြီး ၊ ဘာအမူမှ မဖြစ်  ဘာလျော်ကြေးမှ မရပဲ ဆရာ အသက်ဆုံးခဲ့ရတယ်။ ကျမကတော့ တတ်နိုင်ရင်  ဈေးတဖက်ခြမ်းမှာ ရှိတဲ့ ရှားရှားပါးပါး လူကူး ဂုံးတံတားလေးဆီ တကူးတက သွားပြီးမှပဲ လမ်းဖြတ်ဖြစ်တော့တယ်။

ပန်းဆိုးတန်း  ဘားလမ်း ဖက် ရောက်ရင်လည်း ၊ လူကူးမျဉ်းကျား က ဖြတ်နေရင်းတောင် ဘာကိုမှန်းမသိ အလိုလို စိုးထိတ် နေတတ်တယ်။ ဟိုတုန်းက ရန်ကုန်မြို့လယ်ခေါင်မှာ  လူကူးမျဉ်းကျားမဟုတ်တဲ့ နေရာက လမ်းကူးရင် အကြီးအကျယ် လိုက်ဖမ်းတဲ့ စီမံချက်တွေ ရှိခဲ့တယ်လေ။ တခါသားတော့ ၊ ညီအမ နှစ်ယောက် တက္ကသိုလ်တွေ ပိတ်လို့ နယ်ပြန်ဖို့  ဘူတာကြီးကို အဆင်း ၊ အထုပ်တွေ အပိုးတွေ နဲ့  ပန်းဆိုးတန်း ဂုံးကျော်ကိုဖြတ် ၊ အဲဒီတုန်းက ပပ၀င်း ရုပ်ရှင်ရုံ ရှေ့က အခါတိုင်း ဖြတ်နေကျ မျဉ်းကျား ကို စွတ်ကနဲ အကူး ၊ ကျွိကနဲ ဖမ်းခံထိတော့တာပဲ ။ ဖြစ်ချင်တော့ ဘူတာကြီးဖက် မရောက်ဖြစ်တဲ့  လေး ငါး ခြောက်လ အတွင်းမှာ ၊ မျဉ်းကျားကို နေရာပြောင်း လိုက်သတဲ့လေ။ ဖြစ်ရပုံက ။ အနီးဆုံး ကျောက်တံတား ရဲစခန်း ရောက်တော့ ၊  ခပ်မြန်မြန်ပဲ ဒဏ်ကြေးဆောင် ဆုံးမစကားလည်း နားထောင်လိုက်ရပေမဲ့ ၊ အမြန်ရထားကြီးကတော့ ထွက်သွားခဲ့ပြီ ။

အဲဒီလို နဲ့ ကိုယ့်ပြည် ကိုယ့်မြေ ပြန်ရောက် လို့ ရွှေတိဂုံကို မြင်နေရပါလျက် နဲ့ကို ၊ လမ်းမပေါ် ရောက်ရင် ခြေလှမ်းတွေက မသွက်ချင်  စိတ်လက်တွေက မကြည်ချင် ဖြစ်နေတတ်တော့ တယ်။ အခုဆိုရင်တော့ ရွှေတိဂုံကြီး ကိုတောင် လှမ်းမြင်ဖို့  ခက်ခဲ လာ အောင် ၊တရှိန်ထိုး မိုးထိ မြင့်တက်လာတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ၊ ခြေလှမ်းမပြောနဲ့ ကားဘီးတွေ တောင် မရွေ့ နိုင် ၊ စိတ်လက်တွေလည်း မရှည်နိုင်ကြတော့ ဘူး မဟုတ်လား ။ အလုပ်ချိန်က ၈ နာရီ နဲ့ လမ်းပေါ်မှာက ၄ နာရီလောက် ဖြစ်နေကြရတဲ့ ငြီးငြူ သံ တွေက နားမဆန့် အောင် လျှံကျ လို့ မှ ၊ စာဖွဲ့ ရလောက်အောင်တောင် မဆန်းပြားတော့တဲ့ ကိစ္စ။ 

ကားပေါ်က ဆင်းတော့လည်း ၊ ဒီဖက်လမ်းထိပ်ကနေ ဟိုဖက် လမ်းထိပ်ထိ ရောက်ဖို့ ၊ လမ်းဘေး ပလက်ဖောင်းမှာ ၊ ကိုယ့်ခြေထောက်ကိုယ် မနည်းကြည့်ပြီး သွားနေရတဲ့ ပြသာနာ ။ တခါတလေ ပလက်ဖောင်း ဆိုတာကိုတောင် ရှာလို့ မတွေ့ ။ ဒါနဲ့မှ လိုရာ မရောက်သေးလို့  လမ်းဒီဖက် ခြမ်းကနေ ဟိုဖက် ခြမ်းကို ကူးရတော့မယ် ဆိုရင်တော့ ၊ အသက်ကို ဖက်နဲ့ ထုပ် ၊ ၀ဲယာ မျက်စိ တောင်းမှောက် ၊ တလှမ်းခြင်းဖြတ် တဟုန်ထိုးဖြတ် ကွေ့ဝိုက်ဖြတ် ၊ စစ်မြေပြင် တခု ထဲ ရောက်သွားတယ် လို့သာ မှတ်ပေရော့ ။

နေ့တဓူဝ အိမ်နဲ့ အလုပ် ၊ အိမ်နဲ့ ကျောင်း ၊ အိမ်နဲ့ ဈေး ရဲ့  ကြား၊ လမ်းမတွေပေါ်မှာ ၊ လူတွေအတွက် ဘယ်လောက်တောင် စိတ်ဖိစီးမူတွေ များကြရသလဲ ။ အသက်အန္တရယ်တွေ များကြရသလဲ ။ 

တလောက မိတ်ဆွေတယောက် ရှစ်မိုင်က အသိ တယောက်အိမ် အသွား ၊ လမ်းဆုံ ကျော်ကျော် အကွေ့ တခု မှာ ၊ ဒုန်း ဆို သူ့အနားတင် လူတယောက်ကို ကားတိုက် သွားရောတဲ့ ။ ညက လည်း မှောင်မှောင် ၊ လမ်းမကြီးကလည်း ကျယ် ၊ အနားမှာ လည်း  ကွမ်းယာဆိုင်ပဲ ရှိတော့ ၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ၊ တိုက်သွားတဲ့ ကားက မရပ် တဲ့ အပြင် ၊ အရှိန်နဲ့ မောင်းလာတဲ့ နောက်ထပ် ကား နှစ်စီး လောက်က တဒုန် ဒုန်း နဲ့ ဆက်တိုက် သွားပြန်သတဲ့လေ ။ ကိုယ်တိုင် မြင်ခဲ့ တွေ့ ခဲ့တဲ့ သူတော့ ဘယ်လောက် တုန်လှုပ် ခဲ့မယ် မသိ ၊ တဆင့် ကြားရတဲ့ ကျမ မှာတော့ ဘာမှ စုပ်သပ် မှတ်ချက် မပေးနိုင်လောက်အောင် ဆွံ့အ လို့ ။ မနေ့ တနေ့က လည်း ၊ သူငယ်ချင်းမ တယောက် ညဖက်ကြီး အကယ်ဒမီ ဆေးရုံက အပြန် ၊ အလုံလမ်း နဲ့ အောက် ကြည့်မြင်တိုင် လမ်းဆုံ မီးပွိုင့် မှာ ၊ ကြုံပြန်သတဲ့ ။ ထုံးစံ အတိုင်း တိုက်တဲ့ ကားက ခပ်တည်တည် နဲ့ မောင်းထွက်သွားပြန်ရော။ ကံကောင်းချင်တော့ အနားမှာ လူတွေ ဆိုင်တွေ ရှိတဲ့ အပြင် ၊ မီးပွိုင့် ဆိုတော့ ကားတွေကလည်း အရှိန်လျော့ ကွေ့ပတ်မောင်းနေတုန်း ၊ သူငယ်ချင်းမ က အနီးဆုံး ရဲစခန်းကို ဖုံးဆက် ၊ အနားမှာ ရှိနေတဲ့ လမ်းတားတဲ့ တုံးကြီးတခု ကိုယ်တိုင် သွားယူပြီး ချထား လိုက်နိုင်သတဲ့ ။ 

အဲဒီလူတွေဟာ၊ အလုပ်ကအပြန် အိမ်မှာစောင့်နေတဲ့ မိသားစု အတွက် ညစာဝယ်ပြီး စိတ်စော လူမော နေတာလည်း ဖြစ်ချင် ဖြစ်မယ်။ လမ်းထိပ်မှာ ခဏ ဈေးဆင်းဝယ်တဲ့ လူ လည်း ဖြစ်ချင် ဖြစ်မယ် ။ သေချာတာတော့ အန္တရယ်များလှတဲ့ ရန်ကုန်မြို့ ရဲ့ ကားလမ်းမ တွေပေါ်မှာ ၊ သူတို့ အသက်တွေ လက်လွတ်စပယ် ဆုံးရှုံးသွားနိုင်တယ်လို့  တွေးထင်ထားကြမယ်တော့ မဟုတ်ဘူး ။ ကားတွေ များပြားလာသလို လူဦးရေလည်း တိုးပွားနေတဲ့ ရန်ကုန်မြို့ ကြီးမှာ ၊ မတော်တဆမူတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာဟာ ၊ ကားတွေ တင်မက လူတွေပါ စည်းကမ်းမရှိ ကြလို့ ဆိုတာလည်း မှန်တာပါပဲ ။ ဒါပေမဲ့ ၊ အကာအကွယ် ပိုမဲ့ တဲ့ သာမန် လူတန်းစား လမ်းသွားလမ်းလာ တွေ အတွက် ၊ ဒီ့ထက် အဆင်ပြေ နိုင်မဲ့ ၊ ဘေးကင်း နိုင်မဲ့ ၊  အစီအမံ လေးတွေ လုပ် မပေးသင့်ပေဘူးလား ။ ကားတွေများလာလို့ လမ်းတွေချဲ့  ဂုံးကျော်တံတား တွေ ဆောက်သလို ၊ လမ်းသွားလမ်းလာတွေ အတွက်ရော လူသွားလမ်းတွေ စနစ်ကျတဲ့ မျဉ်းကျားတွေ လူကူးဂုံးကျော်တွေ များများ လုပ်မပေးသင့် ဘူးလား ။ 

ခုတော့ ကြားရ နားဝ မသက်သာတဲ့ မြို့ပြ ကျိန်စာတွေဟာ ၊ လမ်းသွားလမ်းလာတွေ ကြောင့်လား ၊ ကားမောင်းသူတွေ ကြောင့်လား . . . ဒါမှမဟုတ် ပြည်သူတွေ စည်းကမ်းမရှိတာကြောင့်ချည်းပဲလား ၊ ပြည်သူတွေကို စီမံမောင်းနှင်နေတဲ့ အစိုးရရဲ့ လမ်းတံတား ပေါ်လစီတွေ ညံ့ဖျင်း နေတာရော မဖြစ်နိုင်လား လိုအပ်နေတာရော မဖြစ်နိုင်ဘူးလား . . .

ကိုယ့်ဖာသာ မဖြေတတ်တဲ့ မေးခွန်းတွေ အတွက် သူငယ်ချင်း ထရန်စပိုတေးရှင်း အင်ဂျင်နီယာ အကိုကြီးကို သတိရသွားမိသည်။ မတွေ့ဖြစ်ကြတော့တဲ့ ဆယ်နှစ်ကျော်ကာလတွေ အတွင်းမှာ ၊ ခုတော့ မြန်မာပြည်မှာ ဆောက်လုပ်ရေး လမ်းတံတား ပစ္စည်းတွေ တင်သွင်းတဲ့ ကုမ္မဏီတခု နဲ့ ၊ ချမ်းသာနေတယ်ဆိုတဲ့ အကိုကြီး တယောက် We will cross the road လို့  သာ၊ ရီရီမောမော ပြော လေအုံးမလား။

ဟုတ်တယ် ။ တကယ်တော့ မြန်မာပြည် ရဲ့ ခရီးကြမ်းကြီးက အဆုံးမသတ်သေးဘူး။  လမ်းမှန် ကမ်းမှန်ကို မရောက်သေးဘူး ။ ကျမတို့ လမ်းဖြတ်ကူး ကြရအုံးမှာ ။

+++++++ 

ကေသွယ်
၁၄ မေ ၂၀၁၄


Share/Bookmark

စတစ်ဂလဇ် နှင့် လက်ငါးချောင်း



“လက် ငါးချောင်း ပင် အတိုအရှည် မညီဘူး ” ဆိုတဲ့ တရားတော်တွေ နဲ့ ၊ လူ့လောက သဘာဝ ရဲ့ မညီ
မျှမူတွေကို ကျမတို့ ယဉ်ပါးခဲ့ကြသည်။ ဆင်းရဲ ချို့တဲ့သူတွေကို အလွယ်တကူ ကြင်နာ သနား ခဲ့ကြသည်။ ဒါပေမဲ့ ၊ အဲဒီ မညီမျှမူတွေ ဆင်းရဲမွဲတေမူ တွေ ဟာ ၊ အတိတ်ဘ၀ က ပြုခဲ့တဲ့ ကုသိုလ်ကံ ကြောင့် လား ၊ တန်ခိုးရှင် တပါးပါး ရဲ့  မျက်နှာလွှဲမူ ကြောင့်လား ဆိုတာတွေ ရဲ့ အပြင် ၊ တခြား အကြောင်းရင်းခံ ဇစ်မြစ် တွေကို ၊ ကျမတို့  လုံလောက်အောင် စေ့ငု မိကြရဲ့လား….။


နိုဘယ်လ် ဆုရှင် စီးပွားရေးပညာရှင်ကြီး စတစ်ဂလဇ် ကတော့ ၊ လောကမှာ ဖြစ်နေတဲ့ မညီမျှမူ တွေ အတွက် ၊ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အကြောင်းရင်းခံ ဟာ၊ အခွင့်အာဏာ ပဲ ဖြစ်တယ်လို့  ငြင်းချက်ထုတ်သည်။ အခွင့်အာဏာ ဆိုတာ မှာမှ ၊ တခါတရံ မှာ  စစ်ရေးအာဏာ ဖြစ်နေတတ်ပြီး ၊ စစ်နိုင်သူက စစ်ရှုံးသူ ဆီက သိမ်းပိုက် ခွင့် ရ လိုက်တဲ့ ၊ မညီမျှမူမျိုး တွေ သာ ဖြစ်သည် လို့ ၊ သူ့ရဲ့  နောက်ဆုံးထုတ် The Price of Inequalities စာအုပ်ထဲမှာ အသေအချာ ထောက်ပြ ပြောဆို ထားသည်။


ဒီစာအုပ်ကလေးကို ဖတ်ဖြစ်ခဲ့တာလည်း၊ တကယ်တော့ ကျမ အတွက် ၊ ဘာမှ ရေးကြီးခွင်ကျယ် သိဖို့ရယ်မဟုတ်။  အမှန်အတိုင်းပြောရရင် ၊ ဈေးကွက် စီးပွားရေးစနစ် ရဲ့ ဟာကွက် တွေကို ထောက်ပြ စစ်ကြော ထားတဲ့၊ ကမ္ဘာကျော် အရောင်းရဆုံး စာအုပ်တအုပ် မှန်းတောင် မသိခဲ့ ။ မြန်မာအစိုးရ က  ဖိတ်ကြား အကြံညဏ် တောင်းခံ ခဲ့တယ် ဆိုတဲ့ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး သိပ္ဗံ ပညာရှင် နိဘယ်ဆုရှင် တယောက်ရဲ့  စာအုပ် ဆိုလို့ သာ ၊ kindle version စာအုပ်ကလေးတွေ စမ်းဝယ်ကြည့်ရင်း ၊ ဖတ်မိသွားခြင်း ဖြစ်သည်။ တကယ့် တကယ် ဖတ်ကြည့်တော့၊ ကမ္ဘာ့ဘဏ်ရဲ့  ဒု ဥက္ကဌ လည်း ဖြစ်ခဲ့သူ ၊ အမေရိကန်သမ္မတ ကလင်တန် ရဲ့ အကြံပေး လည်း ဖြစ်ခဲ့သူ ပညာရှင်ကြီး ရဲ့  ဝေဖန်ထားချက်တွေက ၊ အံ့အားသင့်စရာကောင်းအောင် ဟောဟောဒိုင်းဒိုင်း  ရှိလွန်းလှသလို  ၊ ဒိုးဒိုးဒေါက်ဒေါက် နဲ့ အားရှိစရာ လည်း ကောင်းလှသည်။ အားရှိ ရသည်က ၊ ၉၉  ရာနှုန်း သော ၊ ဆင်းရဲသားတွေ  နဲ့ သာမန်လူတန်းစား တွေရဲ့ ဖက်က စဉ်းစား ရေးသားထားသည် မို့ ။


စီးပွားရေး နယ်ပယ်ထဲမှာ သီအိုရီတွေ ထုတ်လိုက် ၊ အကြံတွေပေးလိုက် လုပ်တတ် တဲ့  ပညာရှင်တွေကို ၊ လုပ်ငန်းရှင်ကြီး တွေက  (terrorists) အကြမ်းဖက်သမား တွေ လို့  သရော်တော်တော် လုပ် တတ် ကြသလို ပဲ . . . ဘာမှန်းမသိ ၊ ညာမှန်းမသိ ဈေးကွက်သာ အမိ ဈေးကွက်သာ အဖ လုပ်နေတဲ့ ၊  လူတွေကိုလည်း  စတစ်ဂလဇ် က (market fundamentalists) ဈေးကွက်အခြေခံ ၀ါဒီ အစွန်းရောက်  တွေ လို့ ၊  ၊ နာမယ်ပြောင် ပေး လေသည်။  ဒါပေမဲ့ ၊ သူက ဈေးကွက် ယှဉ်ပြိုင်မူ ရဲ့ ၊ ရလာဒ်ကောင်း တွေကို ၊ မယုံကြည်ခြင်း တော့ မဟုတ်။ အဲဒီ ဈေးကွက် ဆိုတာကြီးကို ၊ နောက်ကွယ်ကနေ လိုသလို ချုပ်ကိုင် ကစားလို့ ရနေတဲ့  အစိုးရပေါ်လစီ တွေကိုသာ သံသယ ကြီး ခြင်းဖြစ်သည်။  တကယ်တော့ သူက ၊ ဆိုရှယ်လစ် စနစ် နဲ့  ဈေးကွက်စီးပွားရေး စနစ် ရဲ့ ကြားမှာ ရှိတဲ့ ၊ “တတိယ လမ်း” ဆိုတဲ့ ၊ လမ်းအသစ် တခု ကို ၊ လှုံ့ဆော် ရေးသားနေသူ ။  အဲဒါကြောင့်ပဲ ၊ ၂၆ နှစ်ကြာ အောင် ၊ ဆိုရှယ်လစ် အရေ ကို ခြုံခဲ့ဖူး သလို ၊ လက်ရှိမှာလည်း လွတ်လပ်တဲ့ ဈေးကွက်  ဆိုတဲ့ တောကြီးမြက်မဲ ထဲကို  မ၀င်ရဲ ၀င်ရဲ ဖြစ်နေရှာတဲ့ ၊ မြန်မာ စစ်အစိုးရ ဟာ ၊ စတစ်ဂလဇ် ကို  ခြေကြွခ တွေ ဈေးကြီးပေးပြီး ၊ နှစ်ကြိမ် တိတိ အကြံညဏ်တောင်းခဲ့ ခြင်း ဖြစ်ပေမည်။ ဒါမှမဟုတ် “တတိယလမ်း” အကြောင်း ပြောနေတဲ့သူကို ၊ မြန်မာပြည်က “တတိယ အုပ်စု” ဆိုတဲ့ လူတစု ကများ ၊ အစိုးရ နဲ့ ချိတ်ဆက် ပေးကြည့်လေသလား တော့ မသိ။


ဒါပေမဲ့ ၊ ပညာရှင်ကြီး ပြောတဲ့ တတိယလမ်း ထဲ မှာလည်း ၊ မြန်မာစစ်အစိုးရ မကြားလို တဲ့  ၊ စကားတွေ ပါနေ ပုံပင် ။  အင်တာဗျူးတခုမှာ ဖတ်လိုက်ရသည်က ၊ ၂၀၀၉  ခုနှစ်မှာတုန်းက ဆွေးနွေးပွဲ ဟာ ၊ မအောင်မြင်ခဲ့ဘူး လို့ ဆိုသည်။ မြန်မာ စစ်အစိုးရ က ၊ စတစ်ဂလဇ် ပြောတဲ့ Poverty ဆိုတဲ့ စကားလုံးကို  နားဝင်ခါးခဲ့ သည်တဲ့ ။ အမေရိကန် သမ္မတ အိုဘားမား လာပြီးစ ၊ ၂၀၁၂ ဖေဖော်ဝါရီ လထဲမှာ ၊ နောက်တခေါက် ထပ် ဖိတ်ကြား ခံရသည်။ ဒီတခါတော့ ဆင်းရဲမွဲတေမူ ဆိုတဲ့ စကားရပ်ကို အစိုးရက လက်ခံ လာပြီ  အများကြီး တိုးတက်လာပြီ ဟု  ခပ်ဖွဖွ မှတ်ချက်ချ ထားလေသည်။


ပညာရပ်ဆိုင်ရာ နယ်ပယ်က အများအပြား တက်ရောက်ကြတဲ့ နေပြည်တော် ဆွေးနွေးတွေ့ဆုံပွဲကြီး မှာ၊ စတစ်ဂလဇ် ပြောသွားတဲ့ စာတမ်းခေါင်းစဉ်က  “ အားလုံးပါဝင်ပြီး ရေရှည် တည်တံ့ နိုင် မဲ့  ၊ ဖွံ့ဖြိုး တိုးတက်ရေး နည်းဗျူဟာများ ” ဟူ၏ ။  သူ့ စာအုပ် မှာ ဖတ်ရသလောက် အရ ဆိုရင်တော့ ၊ ဖွံ့ ဖြိုး တိုးတက်မူ တခု ရေရှည် တည်တံ့ ဖို့  အတွက်၊ လူသားအရင်းအမြစ်တွေ ကို ပြုပြင် ပေါင်းသင် မြေသြဇာ ကျွေးရမယ်… ဆင်းရဲသားတွေ အများစု ဖြစ်နေတဲ့ လူမူစီးပွား မညီမျှ မူတွေကို  တွန်းဖို့ မြေညှိ ပေးရမယ် ဆိုတာတွေ ပြောခဲ့မည် လို့သာ ယူဆမိသည်။ လတ်တလော စစ်အစိုးရ ဦးစားပေး ဆောင်ရွက်နေတဲ့ ၊ မော်တော်ကားတွေ တင်သွင်းတာမျိုး ။ ခေတ်မီ ဈေးကြီးတွေ ဟိုတယ် ကြီးတွေ အပြိုင်းအရိုင်း ပေး ဆောက် နေ တဲ့ ၊ တိုးတက်မူမျိုး  တွေကို တော့ အကြံပေးခဲ့ မည် မဟုတ်လောက်ပေ။


သူ့ စာအုပ်က အမေရိက ရဲ့  လူမူ စီးပွား မညီမျှမူတွေကို အခြေခံ ထားခြင်းဖြစ်ပေမဲ့ ၊ လုပ်အား နဲ့ အရင်းကို တည်မှီနေတဲ့ နိုင်ငံတွေ အားလုံး အတွက်လည်း အကျုံးဝင်နေလေသည်။  ဒီစာအုပ်ရဲ့  အဓိက အနှစ်ချုပ် ကတော့ ၊ မညီမျှမူတွေ ဖြစ်နေခြင်းအတွက် အကြောင်းရင်းခံ တွေ၊ အမြောက်အမြား ရှိနိုင်ပေမဲ့ ၊ အစိုးရ ရဲ့  အခန်းကဏ္ဍ ကို  မေ့မထားဖို့  ဆိုတဲ့ အချက်ပင် ။ အဲဒီ အစိုးရ ပေါ်လစီ တွေ ထဲမှာမှ စီးပွားရေး ရဲ့ ပင်မ ဒေါက်တိုင်ကြီးတွေဖြစ်တဲ့  အခွန်အခ တွေ ၊ ဘဏ်တွေ ၊ ငွေကြေးဆိုင်ရာ မူဝါဒတွေ က စလို့ ၊ အခြေခံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ပြသာနာ တွေ အထိ ၊  ကျယ်ကျယ်ပြန့် ပြန့်  ခေါင်းစဉ်တွေ ခွဲပြီး ပြောသွားသည်။ ခက်တာက စာတအုပ်လုံးမှာ သူ ထပ်ကာ ထပ်ကာ လက်ညှိုးထိုး ပြ သွားတဲ့  rent seeking  ဆိုတဲ့ အခေါ်အဝေါ် ကို မြန်မာမူပြုဖို့  ရုတ်တရက်တော့ ကျမ စဉ်းစားလို့ မရ ။ ဒါနဲ့  မိတ်ဆွေ စီးပွားရေး ဘာသာရပ် ကျွမ်းကျင်သူ ဆရာမကြီး တယောက်ကို မေးကြည့်တော့  - အလွဲသုံးစားလုပ်ခြင်း လို့  သာ ခပ်ရိုးရိုး ဖလှယ်ပေးလေသည်။ ဆိုတော့ ၊ စကားလုံးကသာ  မြန်မာမူပြုဖို့  ဆန်းသစ်နေပေမဲ့လို့ ၊  လူအများစု  ရဲ့ ရပိုင်ခွင့် တွေကို လူတစုက ၊ အလွဲသုံးစား လုပ်တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ မြန်မာပြည်မှာ   အသစ်အဆန်း မှ ၊ မဟုတ်နေပဲ ။ စတစ်ဂလဇ် ကတော့ ၊ မုန့်တချပ် နဲ့ ဥပမာပေးသွားသည်။ လူအများ ဝေစားနေကြတဲ့ မုန့်တချပ်ကို  ပိုကြီးလာအောင်လုပ်ယူရမဲ့ အစား ၊ တယောက်ထဲက စိတ်ကြိုက် ဖဲ့ယူသွားတဲ့ လုပ်ရပ် မျိုး  လို့ ဆိုသည်။


အဲဒီမှာ ပုန်းသျှိုးကွယ်သျှိုး ယူသလား၊ ပြောင်ပြောင်တင်းတင်း လား ၊ မသိမသာ ယူသလား ဆိုတာ ပုံစံ အမျိုးမျိုး ဖြစ်နိုင်သလို ၊ ဘဏ်လုပ်ငန်း တွေ၊ သတ္တုသယံဇာတလုပ်ငန်းတွေက စလို့ ဆေးဝါးလုပ်ငန်း ၊ ဆက်သွယ်ရေး နည်းပညာလုပ်ငန်းတွေ အထိ နေရာမျိုးစုံမှာ ၊ အချပ်လိုက် ဖဲ့ယူ နေကြသည် လို့ ၊ အချက်အလက် သက်သေ သာဓက တွေနဲ့ ထောက်ပြထားသည် ။ မြန်မာပြည်မှာလည်း ဒီ မုန့်ချပ်ကို ၊ လူတစုက အစိုးရ နဲ့ ပေါင်းပြီး အမဲဖျက်သလို ၀ိုင်းဖဲ့ရွဲ့ နေကြတာ ၊ တော်တော့် ကို ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပြီ။ လူတစုက ဖဲ့ နေတာလား အစိုးရက သဲ့ နေတာလား ဆိုတာပင် မကွဲပြားတော့ ။ လူတစုက အစိုးရ ကို အကြောင်းပြသလို ၊ အစိုးရ ကလည်း လူတစု ကို နာမယ်ခံ သည်။ ဒီကြားထဲမှာ ဗိုက်မှောက်နေရသူကတော့  ပြည်သူ အများစု ။


ပိုပြီး ဆိုးတာက ၊ အဲဒီ ဗိုက်မှောက်နေရတဲ့ ပြည်သူတွေကိုပဲ အလွဲသုံးစား လုပ်ပြီး  Public Private Partnership လို့ နာမယ် လှလှလေး တပ်ထားတဲ့ အလွဲသုံးစားမူတွေ ။ ဆိုရှယ်လစ်လမ်းစဉ် ခေတ်က ကျန်နေတဲ့ မြန်မာပြည် တနံတလျားက ပြည်သူပိုင် (သို့) အစိုးရပိုင် စက်ရုံ အလုပ်ရုံ တွေ အမြောက်အမြားဟာ၊ အခု ဘယ်သူတွေ လက်ထဲ ရောက်ကုန်ကြပြီလဲ ။ ဘာတွေ ဆက်လုပ်မှာလဲ ။ ပုဂ္ဂလိက လက်ထဲ လွှဲမယ် ဆိုရင်လည်း ၊ ပုဂ္ဂလိကပိုင်ပြုခြင်း ဥပဒေ ဆိုတာ ရှိရမည်။ အမေရိကန် စီးပွားရေး ပညာရှင်ကြီး စတစ်ဂလဇ် ကို ခေါ်ဖိတ်ပေးခဲ့တယ်ဆိုတဲ့ ၊ မြန်မာစီးပွားရေး ပညာရှင်ကြီး ဦးမြင့် ကပင် ၊ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင်ပြုခြင်း ဥပဒေ မပေါ်ပေါက်လာသေးပဲ နဲ့ ၊  စီးပွားရေးပြုပြင်ပြောင်းလဲမူတွေကို အမြန်သွက်သွက်ကြီး လုပ်နေပုံဟာ ၊ သိပ် ဒရောသောပါး ဖြစ်နေတယ်လို့  ပြောလာသည်။


အခုက ၊ စက်ရုံ အလုပ်ရုံတွေ တင်မက ၊ နေပြည်တော်ကို ရွှေ့သွားလို့  ရန်ကုန်မှာ ဟောင်းလောင်း ကျန်ခဲ့တဲ့ ၊ အစိုးရပိုင် ရုံးကြီး ကန္တားကြီးတွေ သည်ပင် ၊ တခုပြီး တခု ဖဲ့ရွဲ့ ခံ နေကြရသည်။ ကိုလိုနီ ခေတ်က သမိုင်းဝင် အဆောက်အဦ ကြီးတွေသည်လည်း ၊ ပြန်လည်မွမ်းမံ စားရိတ်  ကြီးတယ် ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ ၊ ပုဂ္ဂလိက ဆိုသူတွေရဲ့ လက်ထဲမှာ  ရေအဆုံး ကုန်းတ၀က် ဖြစ်နေပြီ။   ဘယ်မှာလဲ ဥပဒေ ။ ဘယ်လို စည်းမျဉ်းတွေ ဈေးနှုန်းတွေနဲ့ ဘယ်လို လူတွေကို ဘယ်အချိန်တုန်းက  လုပ်ပိုင်ခွင့်တွေ ပေးလိုက်သလဲ ။ ဒါတွေသည် မြန်မာပြည်မှာ အခုလက်ရှိ အကြီးအကျယ် ဖြစ်ထွန်းနေတဲ့ rent seeking ကြီးတွေ ပင်။

ဒီနေရာမှာ ၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ -  “တိုင်းပြည်ကို ဓါးပြတိုက်ပြီး မှ  တိုင်းသူပြည်သားကို ငွေတိုးပြန်ချစားတဲ့ အစိုးရ” ဆိုတဲ့ ကလောင် ဇောင်းထက် တဲ့ အရေးက  ၊ အဓိပ္ဗါယ်ဖော်ဖို့ လက်ဝင်နေတဲ့ အဲဒီ အင်္ဂလိပ်စာလုံး အတွက် ၊ အကောင်းဆုံး ဖွင့်ဆိုချက်ပင် ဖြစ် နေ တော့သည်။

rent ဆိုတဲ့ အခေါ်အဝေါ် ရဲ့ မူလ ရင်းမြစ်က ၊ ဟိုးခေတ်တွေတုန်းက ၊ မြေရှင်ကြီးတွေဟာ၊ ဘာမှ လုပ်စရာမလိုပဲ ၊ လယ်သမား ယာသမားတွေ ရဲ့ လုပ်အားပေါ်ကနေ ကောက်ယူတဲ့ အငှားချ လယ်သီးစားခ တွေကို ခေါ်ရာကနေ စခဲ့သတဲ့။ မြေကြီးနံ့ သင်းနေတဲ့ အဲဒီ စကားလုံးရဲ့ အောက်မှာ၊ တိုင်းပြည်တခု ရဲ့ အခြေခံ အကျဆုံး ပိုင်ဆိုင်မူတွေ ဖြစ်တဲ့ မြေကြီး နဲ့ သယံဇာတ တွေဟာ၊ အကာအကွယ်အမဲ့ ဆုံး ဖြစ် သည် လို့ ၊ စတစ်ဂလဇ် က ဆိုသည်။ မြန်မာပြည်မှာတော့ မြေကြီးနံ့ သင်းနေတဲ့ ပြသာနာတွေဟာ ၊  မြေပိုင်ရှင်ခေတ် ကထက်ပင် ပိုပြီး ဆိုးရွားနေလေသည်။ စိုက်ပျိုးရေးကို အခြေခံ ထားတဲ့ မြန်မာ့ လူမူစီးပွား အ၀န်းအ၀ိုင်းကြီးမှာ ၊ ဘယ်တုန်းကနဲ့မှ မတူတဲ့  လယ်ယာမြေသိမ်းယူ မူတွေ ၊ ဖြစ်ပေါ်နေသည်။ ဘယ်သူတွေက သိမ်းသလဲ ။ ဘာအတွက် သိမ်းတာလဲ။ ဘယ်ဥပေဒ တွေနဲ့ သိမ်းနေလဲ ။ မဖြေနိုင်သေးတဲ့ မေးခွန်းတွေ များသထက် များလာသည်။

သယံဇာတ ဆိုရင်လည်း ၊ ပြည်သူတွေဟာ ၊ သူတို့မှာ ရပိုင်ခွင့် ဝေစု တွေ ရှိတာ ကိုတောင် မသိနားမလည်နိုင်တော့လောက်အောင် ၊ အချက်အလက် မှတ်ညဏ်တွေကို ဖျက်စီးပြစ်ခံ ခဲ့ကြရသည်။ အခွင့်အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစုက ၊ သူတို့ မိသားစု အမွေပိုင် ပစ္စည်းလို ၊ အောက်ဈေးနဲ့  ချရောင်းခဲ့ကြသည်။ သူတို့ စည်းစိမ်တွေနဲ့ အလိုက်ပေးလဲလှယ် ပြစ်ခဲ့ ပြီးပြီ။ ထားပါတော့ ၊ ထိပ်ပိုင်းက လူ တွေမို့ ၊ ထိပ်ပိုင်းဖြစ်နေတာ မဆန်းဘူး ပဲ ထား ။  သယံဇာတ ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ တွေ ၊ ကြွယ်ဝ လို့ ၊ မြန်မာပြည်သူ တွေရော ၊ ၀မ်းဝ ခါးလှ ကြပြီလား ။ ချက်ခြင်း လက်ငင်း မြင်ရဖို့ ဆိုတာ . . .မြက်ပင် တွေ ရှည်လာတာကို ထိုင် စောင့်ကြည့်လို့ မရဘူး လို့ ပြောတတ်ကြသည်။  ဒါပေမဲ့ ၊ မြန်မာပြည်မှာ စစ်ပြီးခေတ်က စလို့ ၊ ဆိုရှယ်လစ်ခေတ် ၊ စစ်အုပ်ချုပ်ရေးခေတ် ၊ ဘယ်ခေတ်နဲ့ မှ မတူအောင် ၊ ကနေ့ ခေတ် ဒီမိုကရေစီ အကူးအပြောင်းဆိုတဲ့ ကာလ ကြီးမှာ ၊ လူတန်းစားကွာဟမူ က ၊ အဆိုးဆုံး အခြေအနေကို ထိုးဆင်း လာနေသည်။ ဆင်းရဲတဲ့ သူတွေက ပို-ပို ဆင်းရဲ လာသလို ၊ ချမ်းသာတဲ့ လူတွေက ပို-ပို ချမ်းသာလာသည်။ ကျူးကျော် တို့ စက်မူဇုန် တို့လို လူတန်းစားတွေ တိုးပွားလာသလို ၊ ခရိုနီ တို့ ၊ အော်လီဂါ့ခ်ျ တို့ ဆိုတဲ့ လူအုပ်စု တမျိုးလည်း လျင်လျင်မြန်မြန် ပေါက်ဖွားလာနေသည်။ IMF ကတော့ မြန်မာပြည်ရဲ့ ဖွံဖြိုးတိုးတက်မူက ၊ မယုံနိုင်လောက်အောင် အလားအလာ ကောင်းနေပြီး ၊ ဂျီဒီပီ ၇.၅ ဟာ မကြာခင်မှာ တရုတ်ကိုတောင် ကျော်သွားဦးမည် လို့  ခန့်မှန်းနေလေသည်။ ဆိုတော့ ၊ အဲဒီ ဂျီဒီပီ က..ဘယ်သူတွေ ရဲ့  ဖွံ့ ဖြိုးတိုးတက်မူ ဖြစ်မလဲ။ အဲဒါကြောင့်ပင် ၊ ကမ္ဘာ့ဘဏ်မှာ ဥက္ကဌ လုပ်ခဲ့ဘူးတဲ့ စတစ်ဂလဇ် က ၊ GDP ဆိုတဲ့ ၊ အာပလာ အညွန်းကိန်းကြီးကို မယုံကြည်ကြဖို့ ၊ သူ့စာအုပ်မှာ ပြတ်ပြတ်သားသား ပြောထားခြင်း ဖြစ်မည်။


သူထောက်ပြ တဲ့ နောက်တချက်ကတော့ ၊ ၉၉ ရာနှုံးသော ပြည်သူ တွေ၊ အများဆုံး ခါးစီးခံရတာက  လုပ်အား ဈေးကွက် နဲ့ အိုးအိမ် ပြသာနာ လို့ ဆိုတယ်။ တနည်းပြောရရင်တော့ နေရေး နဲ့ စားရေးပေါ့ ။ သူကတော့ အမေရိက ရဲ့  Mortgage အိမ်ပေါင်အရစ်ကျ စနစ် ထဲမှာ ၊ တသက်စာ ကြိုတင်ချေးငွေတွေနဲ့  ရှိစုမဲ့စု တွေ ပုံအောပြီး ၊ အနာဂါတ်ကို အလောင်းအစားလုပ်နေ ရတဲ့ လူလတ်တန်းစားတွေ ကို ဦးတည် ပြောသွားသည်။ အာမခံချက် မရှိ ၊ အတက်အကျဖြစ်နေတဲ့ လုပ်အားဈေးကွက်ထဲမှာ တခါတလေ သူတို့ရဲ့ မပိုင်ဝက်မွေး အိမ်တွေကနေ..ခရုအဆံကျွတ်ဖြစ်ချင်လည်း ဖြစ်သွားနိုင်သည်။ မြန်မာပြည်မှာလည်း ၊ တန်ဖိုးနည်းအိမ်ယာ ဆိုတဲ့ ဈေးကွက်တခုကို ၊ ပုဂ္ဂလိကလုပ်ငန်းရှင် တချို့လက်ထဲ မျက်နှာလွှဲ ခဲပြစ် လုပ်ပိုင်ခွင့်တွေ ပေးနေပြီ။ နေရေးထက် စားရေးက ပိုခက်ခဲ နေတဲ့ မြန်မာ ၉၉  ရာနှုံးတွေကတော့ ၊ တန်ဖိုးနည်း အိမ်ယာဆိုတာ ကိုပင် အိပ်မက် မမက်နိုင်ပဲ ၊ ကြုံရာကျဖမ်း၊ လက်လုပ်လက်စား၊ ကျူးကျော် ဆိုတဲ့ နာမပုဒ် တွေ နဲ့ ၊ အမှိုက် ဒိုက်သရောတွေလို ၊ ဆိုက်ချင်တဲ့ ကမ်း ဆိုက်နေရတော့သည်။

စာအုပ်ရဲ့ နောက်ဆုံးမှာတော့  စတစ်ဂလဇ် က၊ လူမူစီးပွား မညီမျှမူကြီးကြောင့် ဖြစ်နေတဲ့ ဆင်းရဲမွဲတွေမူ ကပ်ရောဂါဆိုးကြီးဟာ ၊ ကုသ ပျောက်ကင်းဖို့ မျှော်လင့်ချက် ရော ရှိပါရဲ့လား လို့ မေးခွန်းထုတ် နိဂုံးချုပ် လိုက်သည်။ သူပြောတာက ၊  ၁ ရာနှုံး နဲက ၉ ၉  ရာနှုံးကို  ၊ အတင်းပေါင်းပြီး ပျှမ်းမျှ ပြန်ချ ဖို့ မဟုတ်။  ဒါပေမဲ့ ၁  နဲ့  ၉ ၉  အကြားက အကွာအဝေးကြီးကို  ၊  သဘာဝ တရားတခုလို ၊ ဒီအတိုင်း လက်ခံထားဖို့ လည်း မဖြစ်နိုင် ။ ၁ ရာနှုံးတွေရဲ့ ချမ်းသာကြွယ်ဝ မူတွေ ဟာ ၊ ၉၉  ရာနှုံးတွေရဲ့ ဆင်းရဲ ချို့တဲ့မူတွေ နဲ့  ၊ တိုက်ရိုက် ချိတ်တွယ် ဆက်စပ်နေတယ် ဆိုတာကိုလည်း၊  ကျယ်ကျယ်လောင်လောင်ကြီး ၊ သတိပေး ထားလေသည်။

The Price of Inequality ကို ၊ ဟို-ဒီ ကျော်ပေါက် ဖတ်ပြီးသွားတော့ ၊ လက်ဝါးပေါ်က kindle စာဖတ်ကိရိယာလေးကို အံ့သြစရာတခုလို ငေးပြီး ကြည့်နေမိတယ်။ ၊ သိမှတ်စရာ တွေးတောစရာ တွေ အပြည့်နဲ့ လေးထောင့် မျက်နှာပြင်ငယ်လေး ရဲ့ ဘေးမှာ လက်ကလေး ငါးချောင်းကိုပါ ၊တစွန်းတစ မြင်နေရတယ် ။ တကယ်ဆိုတော့ ကျမတို့ ရဲ့ လက်ငါးချောင်းဟာ ၊ တခုနဲ့ တခု မညီဘူး ဆိုပေမဲ့ လို့ ၊ မကွာခြားလှပါဘူး ။ မဝေးကွာ လှပါဘူး။ အရာဝတ္တုတခုခုကို ဟန်ချက်ညီညီ ကိုင်ဆောင်ထားဖို့ လည်း မခက်ခဲပါဘူး။ အဲဒီ အရာဝတ္တု ကို လှမ်းယူနိုင်တဲ့ လက်တံကြီး တွေကသာ ထူးခြား ရှည်လျားလွန်းမနေဘူး ဆိုရင် ၊ လက်ဝါးကြီးတွေက သာ ၊ ဆန်းပြား ပြန့်ကားလွန်းမနေဘူး ဆိုရင် ပေါ့လေ။  ဘာရယ်လည်း မဟုတ် ၊ စာကိုင်ဖတ်လို့ ညောင်းနေတဲ့ လက်ငါးချောင်းကို အသာ အယာ ကွေးချည် ဆန့်ချည် လုပ်ရင်း စတစ်ဂလဇ်ကြီးတယောက် မြန်မာပြည်ကို တတိယအကြိမ်မှ  ရောက်လာပါတော့မလား လို့ ၊ ပူပန်နေမိတယ်။

ကေသွယ်
၂၅ ဧပြီ ၂၀၁၄

စာညွန်း - Joseph E.Stiglitz (2012). The Price of Inequality . 
စာကိုး - DVB. Joseph E.Stigliz: Talk of Poverty isn't Taboo. 15 Feb 2012. 


Weekly Eleven Journal. No.28  Vol.8  April 2014



Share/Bookmark

ရသအတွေး အတွေးရသ (ပေါ်သစ်)

တစ်

လူမှာ တခြားသတ္တ၀ါတွေထက် ထူးတာ တခုပဲ ရှိတယ်။ တွေးတတ် ကြံတတ်တာပဲ။ တွေးတတ် ကြံ တတ်လို့ လူရယ်လို့ ဖြစ်လာတာပဲ။ အဲဒီတော့ လူပီသချင်တဲ့ သူတွေ ၊ လူဖြစ်ကျိုးနပ်ချင်တဲ့သူတွေ ဟာ၊ တွေးတော ကြံတတ်တဲ့ ဂုဏ်ရည် နဲ့ စွမ်းအင်ကို အစွမ်းကုန် မြှင့်တင်ကြတယ်။

ဒါပေမယ့်၊ တွေးရ ကြံရတာကလည်း သိပ်တော့ မလွယ်လှချင်ဘူး ဆိုတာလည်း အမှန်ပဲ ။ တွေးတော ကြံတာကို ချိုးနှိမ်ချင်သူတွေ ၊ မြင်ပြင်းကတ်သူတွေ ၊ သရော်ပြက်ချော်ချင်သူတွေ ကလည်း ဒု နဲ့ ဒေး ရှိနေသေးတာကိုး။

“အတွေးကို လျှာတပ်မပေးနဲ့ ” တဲ့ ။ “ အတွေးကို လက်တပ်မပေးနဲ့ ” တဲ့။
တွေးတောကြံတာကို ချိုးနှိမ်လိုသူတွေကတော့ ပြောလေ့ပြောထ ရှိကြတယ်။ 

လူ့လောကမှာ လုပ်စရာ ကိုင်စရာတွေ တပုံတခေါင်းကြီး ရှိနေတာတဲ့။ ဒီကြားထဲက ၊ တွေးနေရဦးမှာလားတဲ့ ။ တွေးတောကြံတာကို မြင်ပြင်းကတ်သူတွေက မေးငေါ့လေ့ ရှိကြတယ်။ 

ယေက္ခမ အိမ်ဦးခန်းမှာ ထိုင်ပြီး၊ မုတ်ဆိတ်မွေး နဲ့ နှုတ်ခမ်းမွေး ဘယ်လို ဆက်သလဲ ဆိုတာ တနေရုန် တွေးလုံးထုတ်တယ်ဆိုတဲ့ သမက် ပုံပြင်မျိုးကို ၊ ကြားဖူးကြမှာပေါ့ ။ တွေးတော ကြံတာကို သရော် ပြက်ချော်လုပ်ချင်သူတွေက ၊ အဲဒီလို လှောင်လေ့ ထေ့လေ့ ရှိကြတယ်။

တွေးတော ကြံတာကို ၊ ရန်ထောင် ရန်ရှာ လုပ်တဲ့ သူတွေကတော့ “ဆီဇာ” ပေါက် ချိုးကြတယ်။  ရှိတ်စပီးယား ရဲ့ “ဂျူးလိယပ် ဆီဇာ” ပြဇာတ် ထဲက  ဟို ပိန်ညောင်ညောင်နဲ့ အငတ်ရုပ် ပေါက်နေတဲ့ ကပ်စိယပ် ဆိုတဲ့ ကောင်လေ ။ အဲဒီကောင်က သိပ်တွေးတဲ့ကောင် ။ အဲဒီကောင်မျိုး အန္တရယ်ကြီးတယ် ” ဆိုတဲ့  လျှာရာနင်းပြီး မာန်လည်း မဲလား လုပ်တတ်ကြတယ်။ 

နေအောက်မှာ ရှိသော အမူများကို စစ်၍ မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း အကုန်အစင် မသိနိုင် ။ ထိုမျှမက  ပညာရှိသောသူသည်  ငါသိမည်ဟု ကြံသော်လည်း ၊ အကြံမအောင်နိုင် ” ( သမ္မာကျမ်း ၊ ဒေသနာ ကျမ်းစာ) ဆိုတဲ့ ၊ တွေးတောကြံတာကို ဟန့်တဲ့ စကားမျိုးတွေကလည်း အနမတဂ္ဂ ရှိသေး။ 


နှစ်

တွေးတောကြံတာ ၊ မြော်တာ မြင်တာကို လူသားဂုဏ်ရည် အဖြစ် ၊ ခံယူသူတွေကတော့ ၊ အတွေးမတွန့်ဘူး ။ မတွေးပဲ မနေဘူး။ တွေးတာပဲ။ 

လူဆိုတာ နာရီ ၊ ရက် ၊ လ သတ်မှတ်ချက် ကိန်းဂဏန်းတွေ နဲ့သာ အသက်ရှင် နေကြတာမှ မဟုတ်တာ။ ခြေလက် လှုပ်ဟန်တွေ (လုပ်ရပ်တွေ) နှလုံးခုန်သံတွေ(ခံစားချက်တွေ) ၊ “ငါသိမည်ဟု ကြံတာတွေ ( အတွေးတွေ)  နဲ့ ရှင်သန် လှုပ်ရှား နေကြတာကိုး။ 

ဒါကြောင့်လည်း ၊ ဒသာန ပညာရှင် ဒေးကားလို ပုဂ္ဂိုလ်မျိုးက “ ငါတွေးသည် ။ ထို့ကြောင့် ငါရှိသည်” လို့ တောင်  စွဲစွဲ ရဲရဲကြီး ပြောခဲ့တာပေါ့။ 

ဒါပေမယ့် ၊ တွေးတောကြံတယ် ဆိုတာဟာ၊ လူသားတိုင်း ရဲ့ မွေးရာပါ ပိုင်ခွင့် ၊ ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာ မလိုတဲ့ အခွင့်အရေး ၊ ဘယ်သူ ဘယ်ဝါကမှ အာမခံချက် ပေးနေစရာ မလိုတဲ့ ၊ လွတ်လပ်ခွင့် ဖြစ်တယ် ဆိုတာကို ၊ လူများစုက မေ့ထားကြသလို လုပ်နေကြတယ်။ 

လူသတ္တ၀ါ တော်တော်များများ သည် ၊ စဉ်းစားဖို့ အတော်ပျင်းရိကြသည် လို့ ဆရာကြီး ရွှေဥဒေါင်း က ကောက်ချက် ချခဲ့တာဟာ ဒါကြောင့်ပဲ ။ 

ဒသာနပညာရှင် ကဲကီဂတ် က ၊ “ လူတွေဟာ လွတ်လပ်စွာ ပြောခွင့် ၊ ရေးခွင့် ၊ စည်းရုံးခွင့် တွေကို ၊ တောင်းဆိုရကောင်းမှန်းသာ သိကြတယ်။ တောင်းစရာမလိုပဲ ၊ အလိုလို ရနေတဲ့ ၊ လွတ်လပ်စွာ တွေးခွင့်ကို၊ သုံးရကောင်းမှန်းကျတော့ ၊ မသိသလို ဖြစ်နေကြတယ် ” လို့ ရေးဖူးတာဟာ ဒါကြောင့်ပဲ။ 

“ စာအုပ်တွေက တွေးပေးလိမ့်မယ် ” ဆိုတဲ့ စကား ခုတလော ခေတ်စားလာနေတာဟာလည်း ဒါကြောင့်ပဲ ။
ဒီအယူအဆွဲ အမှားကို ဖယ်ရှားနိုင်ကြမှပဲ ၊ အတွေးခေတ်ဆန်းချိန် ရောက်ပေတော့မှာပဲ ။  အတွေးတခေတ် ဆန်းနိုင် ဖို့ ၊ လူတိုင်း တွေးတော ကြံတာကို မွေးရာပါ ပိုင်ခွင့် လို၊ ကျင့်သုံးကြဖို့ အချိန်တန်ပြီ။


သုံး


တွေးကြစို့ ဆိုတာတော့ ဟုတ်ပါပြီ။ 
ဘာကို ဘယ်လို တွေးကြမှာလဲ ။ 
မေးစရာပဲ။ 

လူတိုင်းဟာ ဒသာန ပညာရှင်တွေလိုတော့ ဘယ်မှာ တွေးနိုင် တွေးဖြစ် တွေးတတ်ကြပါ့မလဲ ။ 

ကိစ္စမရှိဘူး။ လူလို နေဖို့ လူလို တွေးတာပဲ ။ ဒသာနပညာရှင် ဖြစ်ဖို့ တွေးတာ မှ မဟုတ်တာပဲ ။ 

ဒသာန ပညာရှင်တွေ တွေးခေါ်သလို ဘ၀တရား၊ အလှတရား ၊ ကိုယ်သိတရား၊ စိတ်သိတရား ၊ စရဏတရား ၊ မရဏ တရား အစရှိတာတွေကို တွေးတတ်ချင်မှ တွေးတတ်ပေလိမ့်မပေါ့။ 

ဒါပေမယ့် ၊ အဲဒီလို ဂမ္ဘီရ သဘောဆောင်တဲ့ အရေးကြီးကြီး တွေ ကို လည်း တွေးရမှာပဲ ။ အရေးကြီးကြီးတွေကို တွေးရင် အတွေးကြီးကြီး တွေးရမှာပေါ့။  အတွေးကြီးကြီးကို တွေးရမှာ ကြောက်တယ်ဆိုပြီး  မတွေးလို့ မရဘူး။  အတွေးကြီးကြီး ကြောက်တာကို ယိုးမယ်ဖွဲ့ ပြီး အတွေးသေးသေး တွေးရမှာကိုပါ ကြောက်လာတတ်တော့မှာကိုး။ 

ဒီလို အတွေးကြောက်စိတ် ၀င်လာရင်၊ အတွေးကြီးကြီးကိုရော အတွေးသေးသေးကိုပါ၊ မတွေးချင် ၊ မတောချင် ၊ မငေးချင် မမောချင်တဲ့ ရောဂါဆိုး စွဲကပ် လာနိုင်တယ်။ ဒီလိုနဲ့ တွေးတတ်တဲ့ ကြံတတ်တဲ့ လူသားဂုဏ်ရည် လူသားစွမ်းအင် လူသားပီတိ တွေကို လက်လွှတ် ဆုံးရှုံးကုန်နိုင်တယ်။ 

ဒါကြောင့် တွေးကြရမှာပဲ ။ အရာရာကို အတွေးနဲ့ ယှဉ်ပြီး မြင်ကြရမှာပဲ။ 


လေး


အတွေးကြီးကြီးတို့  ၊ အတွေးသေးသေး တို့ ဆိုတာက ၊ စကားအဖြစ်သာ ပြောတာပါ။ အတွေးတခုမှာ ကြီးတာတို့ သေးတာတို့ ရယ်လို့ မရှိဘူး။  စကြဝဠာ အကြောင်း အတွေးက ကြီးတယ်၊ ကျောက်စရစ်ခဲ အကြောင်း အတွေးက သေးတယ်လို့ ၊ မဆိုနိုင်သလို  နေစွယ်ကျိုးမှာ ညှိုးသွားတဲ့ ကန်စွန်းနွယ်ကလေး အကြောင်း အတွေးက သေးတယ်။ မမြဲမြံ မခိုင်ခံ့ တဲ့ သင်္ခါရ ဓမ္မအကြောင်း အတွေးက ကြီးတယ်လို့ မဆိုနိင်ဘူး။

သဘာဝ လောကကြီးထဲမှာ အရာရာဟာ  အဆက်အစပ် တရားတွေ ၊ ယှဉ်ဖော် ယှဉ်ဖက် တရားတွေ ၊ အကြောင်းအကျိုးတရားတွေ ဖြစ်လို့ ၊ ဘယ်ဟာက ကြီးတယ် ဘယ်ဟာက သေးတယ်  ဆိုတာ မရှိဘူး။ ကြီးတယ် သေးတယ် ဆိုတာ ပညတ်သဘောတွေသာ ဖြစ်တယ်။ 

ဒီတော့ တွေးသာတာ အရင်းခံ ဖြစ်ပါတယ်။ တွေးတတ်တာသာ အဓိက ဖြစ်ပါတယ်။ အတွေးရသကို ခံစားတတ်တာသာ ပဓါန ဖြစ်ပါတယ်။ 

တွေးကြစတမ်းဆိုရင် ရေမြေတောတောင် တွေ ၊ သက်ရှိ သတ္တ၀ါတွေ၊ စိတ်စေတသိတ် ရုပ်တရားစုံတွေ  ၊ အားလုံးဟာ တွေးမြင် ဆင်ခြင်စရာတွေချည်းပဲ ။ တွေးချင် တွေးရဲ တွေးတတ်မယ်ဆိုရင် လူတိုင်းအဖို့ အရာရာဟာ တွေးစရာ အထည်ဝတ္တုချည်းပဲ။ 

မြင်ရိုးမြင်စဉ် ၊ သိရိုးသိစဉ် စိတ်အထည်ဝတ္တု ၊ ရုပ်အထည်ဝတ္တု အားလုံးဟာ အတွေးနဲ့သာ မွှမ်းထုံ ခြုံလွှမ်း လိုက်ရင် သဘောသွင်ဟန် တွေ ထိန်လွင်လာတယ်။ ထင်လင်းလာတယ်။ သစ်ဆန်းလာတယ်။ တင့်တယ်လာတယ် ။ သာယာလာတယ်။ ဆေးတောင်ဝှေး နဲ့ တို့ လိုက်သလို ဆိုတာမျိုး။ နတ်ရေကန်ထဲ ချလိုက်သလို ဆိုတာမျိုး။ 

ကြယ်ကလေး တပွင့် ၊ ရေကလေး တစက် ၊ ငှက်ကလေး တကောင်၊ သစ်ရွက်ကလေး တရွက်၊ ကဗျာလေး တပုဒ် ၊ ပန်းချီကားလေး တချပ်က တောင် ၊ စကြဝဠာ
 ရဲ့ အတ္တုပ္ဗတ္တိ နဲ့  အနာဂတ္တိ ကို လှစ်ပြ နိုင်တာကို တွေ့လာရမယ်။  လူသားရဲ့ ဖြစ်ပေါ် တိုးတက် ပြောင်းလဲမူ နဲ့  ရုပ်နာမ် သဘာဝ သင်္ခါရ ဓမ္မဖြစ်စဉ် ကို ဖွင့်ဆို နိုင်မယ် ဆိုတာကို တွေ့လာရမယ်။ လူသားရဲ့ လူမူသမိုင်း ဖြစ်စဉ် နဲ့ ညဏ်စဉ် ဖန်စဉ် ကြီးကို ဇာတ်ကြောင်းပြန် နိုင်တာကို တွေ့လာရမယ်။ 

တကယ် ကြည်နူး နှစ်သက်စရာကောင်းတဲ့ ၊ အတွေးရသ ကို ခံစားလာရမယ်။



ငါး

မိမိ နေ့စဉ် ထိတွေ့ ခံစား နေရတဲ့ မိမိ ပတ်ဝန်းကျင် မှာ ရှိနေတဲ့ အရာဝတ္တု အခြင်းကိစ္စ ၊ အရေးအရာတွေကို တနိုင် တပိုင် အိုးတန် ဆန်ခတ် အတွေးနဲ့ ယှဉ်ကြည့်တဲ့ အလေ့ဟာ  ဒသာန “ရူး” တာ မဟုတ်ဘူး။ ဒသာ “မြီး” တာတောင် မဟုတ်သေးဘူး။ မိမိ ဦးနှောက် ရယ် ၊ မိမိ နှလုံးသားရယ်၊ မိမိရယ်  ကိုယ်ပိုင် စကားဝိုင်း ဖွဲ တာသာ ဖြစ်တယ်။ 

တွေးကျင့်စွဲ လို့ ဘာဆိုးကျိုးမှ ပေါ်လာစရာ အကြောင်း မရှိဘူး။  ကောင်းကျိုးသာ ရှိဖို့ ရှိတယ်။ 

အောက်မှာ ဖော်ပြမဲ့ အတွေး ဥဒါဟရုဏ်တွေကို ထပ်ဆင့် တွေးကြည့်ပါ။ အတွေးကြီးလည်း မဟုတ်ဘူး။ အတွေးသေးလည်း မဟုတ်ဘူး။ ဒသာန ပညာကြီး ပညာကျယ်တွေ မနှောင့် မစွက်တဲ့ အဖြူထည် သက်သက် ရသ အတွေးတွေပါ။ 

မိမိ ခံစားရတဲ့ အတွေးရသ နဲ့ နှိုင်းယှဉ်ပြီး ထပ်ဆင့် တွေးလို့ ရတဲ့ အတွေးရသ ကို လည်း မှန်းချင်ကြည့်ပါ။ 


ခြောက်(က)


လွတ်လပ်ရေး ရပြီးစ လောက်က ၊ လွတ်လပ်ရေး ဆိုတဲ့ ဝေါဟာရ ကို ဆရာဇေယျက ၊ အတွေးနဲ့ ယှဉ်ကြည့်ခဲ့တယ် ။ ဗေဒင် ဆရာကြီး ဦးအောင်ယော နဲ့ လူရွယ် နှစ်ယောက် ဆွေးနွေးခန်း အဖြစ်နဲ့ တွေးခဲ့တာ။ 

“သူ့ကျွန်မခံ ” ဆိုတဲ့ ဆောင်းပါးမှာ ရေးခဲ့တာ။ 
အဲဒီ ဆောင်းပါးထဲက ကောက်နုတ်ချက်ကလေးကို ဖတ်ကြည့်စမ်းပါ။ 

…… တို့ မြန်မာတွေ ဟာ၊ လွတ်လပ်ရေး ဆိုတဲ့ စကားကို မသုံးခဲ့ ဘူး။ သူ့ကျွန်မခံ ဆိုတဲ့ စကားကိုသာ သုံးခဲ့တယ်။ လွတ်လပ်ရေးကို အကြိမ်ကြိမ် ဆုံးခဲ့ဖူးပေမဲ့ ၊ တို့ဗမာက လွတ်လပ်ရေး ဆုံးတယ်လို့ ဘယ်တော့မှ အသိ အမှတ် မပြု ခဲ့ဘူး။ ခဏ ခေတ္တ အခိုက် အလှည့် မသင့် လို့ တပါးသူ လက်အောက် ကျခဲ့ရတယ်လို့ သာ ယူဆခဲ့တယ်။ 

တတိုင်းပြည်လုံး ထီးရော နန်းပါ ဆုံးချင်တိုင်းသာ ဆုံးရော့ ဘယ်တော့မှ သူ့ကျွန်မခံဘူး ဆိုတဲ့ စိတ်ဓါတ်က  ရှိနေတယ်ကွ။ … အဲဒါ  ဘာလဲ ဆိုတော့ သူ့ကျွန်မခံဘူး ဆိုတဲ့  တို့ဗမာ စိတ်ဓါတ်ပဲကွ။ 

“သူ့ကျွန်မခံ ဘူး ဆိုတာနဲ့ လွတ်လပ်ရေး ဆိုတာက အခေါ်သာ လွဲတယ်။ အနှစ်သာရချင်းကတော့ အတူတူတပါပဲ။ အကြောင်းကေတော့ လွတ်လပ်ရေး ဆိုတာ တခြား မဟုတ်ဘူးကွ ။ တို့ဗမာ စကားအရ သူ့ကျွန်မခံ ဘူး ဆိုတာ ပဲ ။ သူ့ကျွန်မခံဘူး ဆိုတာနဲ့ တပြိုင်နက် လွတ်လပ်ရေး ပျောက်သွားတော့တာပေါ့ကွာ ”

ဒါက လူမူ ကိစ္စ နဲ့ ပတ်သတ်တဲ့ အတွေး ။


ခြောက် (ခ)


၁၉ ၇၉  လောက်က ဂျပန် ဟိုက္ကူ ကဗျာတွေကို ဆရာမင်းသုဝဏ် မြန်မာဟန် ဖွဲ့ ခဲ့တယ်။ ဆရာ့ မြန်မာ ဟိုက္ကူ ကဗျာတပုဒ်က . . . 

အိုင်အိုကြီးပါလား
အလို ရွှေဖား ခုန်ဆင်းသွား
ပလုံ ရေသံကြား 

မူရင်း ဂျပန် ဟိုက္ကူက ပိုပြီး တို- ရှင်းသေးတယ်။ “ အိုသော ရေအိုင် ဖားခုန်ဆင်း ရေသံ ” ဒါပဲ ။
အဲဒီ ကဗျာနဲ့ ပတ်သတ်ပြီး ဆရာ မင်းသုဝဏ် တွေးထား ပုံ ကို ဖတ်ကြည့်စမ်းပါ ။

“ .. . . . ဤကဗျာကို အကြိမ်ကြိမ် ဖတ်ကြည့်ကြပါ။ ကဗျာထဲက ဆန်းကြယ် ထွေပြပား ခက်ခဲ နက်နဲသော အဓိပ္ဗါယ် တို့သည် ကိုယ်ယောင်ပြ လာကြပါလိမ့်မည်။ 

“ အိုသော ရေအိုင် တခု ကို စိတ်တွင် စဉ်းစားကြည့်ပါ ။ ကြာဖြူ ကြာညို ကြာနီပင် ၊ ကတောင်ပင် ၊ ရေညှိပင် ၊ အဟောင်းအသစ် အညှိုးအလန်း တို့ ဖြင့် ရှုပ်ထွေး အိုမင်းနေသော ထိုရေအိုင် အတွင်းရှိ ကြာဖတ်ပေါ်မှ ဖားတကောင် ခုန်ဆင်းသွားသည် ။ ခုန်ဆင်းသံကို ကြားလိုက်ရသည်။ 

“ ဖားခုန်ဆင်းသံကို ကြားရအောင် အလွန် ဆိတ်ငြိမ် ရပေမည်။ အလွန် ဆိတ်ငြိမ်ရအောင် လူသူ လေးပါး နှင့် ဝေးကွာရပေမည်။  လူသူ လေးပါး နှင့် ဝေးကွာရအောင် တောနက်ထဲတွင် ဖြစ်ရပေမည်။ တောနက်ထဲတွင် ရောက်နေရအောင် ၊ ထိုပုဂ္ဂိုလ် သည် ၊ တိတ်ဆိတ်မူ ကို ကြိုက်နှစ်သက်သော သူ ဖြစ်ရပေမည်။ 

“ထို ပုဂ္ဂိုလ်သည် တိတ်ဆိတ်ခြင်း ရေကြောတွင် မျောနေခိုက် ဖားခုန်သံ ကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသော အခါ လန့် နို်းသွားသည်။ လောက၏  တိတ်ဆိတ် ငြိမ်သက်ခြင်း ကိုလည်း ဤသို့ သော ဖားခုန်သံများက  ဖောက်ထွင်း ဖျက်ဆီးတတ်ပါကလား ဟု  သူ တွေးမိပေလိမ့်မည်” 

ဒါက လူဖန်တီး တဲ့ အနုပညာ နဲ့ ပတ်သတ်တဲ့ အတွေး ။


ခြောက်(ဂ)


၁၉ ၇၁ခုနှစ်ဆန်းပိုင်းက ဟံသာဝတီ သတင်းစာမှာ ဆရာတော် ရွှေကိုင်းသား ခွာညိုပန်း အတွေးစာတပုဒ် ရေးခဲ့တယ်။

အဲဒီ အချိန်လောက်က သစ်ပင် ပန်းမန် နဲ့ ပတ်သတ်တဲ့ စာတွေ  ဆရာတော် အများကြီး ရေးနေတယ်။
ဆရာတော် ရဲ့ ခွာညို အတွေးစာ ကို ဖတ်ကြည့်စမ်းပါ ။

ယခုနှစ် အဖို့ ကျွန်းဖိုပင် အပွင့်စောသော နိမိတ်ဖြင့် မိုးဦးကျလည်း စောသည်။ မိုးအကြိမ်လည်း များသည်။ ရေလည်း ပါသည်။ ထို့ကြောင့် သေပြီ ဟု ပစ်ထားသော ခွာညိုပင် နှစ်ပင် လည်း ၊ အငုတ်မှ အတက် ထွက်ပြီး ပြန်လည် စည်ပင် လာပြန်သည်။ 

ထိုအခါ ရေမိုးကို မပြတ်ရအောင် ဂရုစိုက်ပေးရသည်။ လူက ဂရု စိုက်တော့လည်း အပင်က အားရှိ ပါးရှိ ကြီးထွားလာသည်။ အနွယ်ပင် ဖြစ်၍လည်း ၊ နှမောင်းတွေ ခင်းပြီး ၊ စင်တခုလုံး ကို ဖုံးလုခမန်း နေရာ ယူလာသည်။ 

တခါ တခါ ၊ နှာမောင်းခင်းပုံ ၊ ရှေးရှုပုံ နေရာ မကျ တတ်၍ လူက ပြုပြင်ပေးသည်ကို အပင်က မခံ ။ တော်လှန်ချင်သည်။ သည်တော့ လူက အလျှော့ပေးလိုက် ရသည်။ မလျှော့ ၍ လည်း မဖြစ် ။ ဇွတ်လုပ် လျှင့် လည်လိမ်ချိုးသလို နှာမောင်းဖျားတွေ ကျိုးကုန်တော့သည်။

တကယ်တော့ အပင်က သဘာဝ အသိဖြင့် နေရောင် အလင်းရောင် ရှိရာကို ထိုးထွက်ခြင်း ဖြစ်၍ ၊ လူက ဓါတ်ပုံရိုက်ကွက် ကောင်းအောင် ပုံဆင်လို၍ ပြုပြင်ပေးခြင်း ဖြစ်သည်။ ဆန္ဒ နှင့် သဘာဝ မဟပ်မိတော့ ခွာညိုပင်က ကြားဝင်ပြီး ဓားစာခံ လိုက်ရခြင်း ဖြစ်သည်။ 

ဒါက သဘာဝ ဓမ္မ နဲ့ ပတ်သတ်တဲ့ အတွေး ။ 



ခြောက်  (ဃ)


၁၉ ၈၀ နှစ်လယ်ပိုင်းက မိုးဝေ မဂ္ဂဇင်းမှာ ဒဂုန်တာရာ မွေးနေ့ အတွေးစာ တပုဒ် ရေးခဲ့သည်။

အဲဒီ အတွေးတွေကို ၁၉၆၉  ကတည်းက ရှုမ၀ မဂ္ဂဇင်းမှာ ကဗျာရေးခဲ့ဖူးတယ် ။ “ နွေရက်၏ တညနေ၌  မိမိကိုယ်ကို ဝေဖန်ခြင်း ”။

ဒဂုန်တာရာ ရဲ့  ဘ၀ အတွေးစာကို ဖတ်ကြည့်စမ်းပါ။

“ရွက်ဝါ ရွက်ညိုများကြွေကျနေကြသည်။ ဆည်းဆာရောင်  ၌၊  ရွက်ကော့ကလေးများမှာ ဖျပ်ဖျပ်ဖျပ်ဖျပ် နှင့် လွင့်နေကြသည်မှာ ဖန်အစအန ရွှေအစအန များ လွင့်ကျနေသည်ကိုကြည့်ရသလိုပင်။ တရိပ်ရိပ် လှုပ်ရှားနေပုံကို ၊ ဘ၀ များလော ဟု ထင်နေမိသည်။

“ကျွန်တော့်မှာ မွေးနေ့အတွေးများ ၀င်နေသည်။ သက်မဲ့ ဖြစ်သော သစ်ပင် ပန်းပင်များ  ၌ ကော ၊ ဘ၀ မရှိပေသလော ။သူတို့သည် ဖူးကြ ပွင့်ကြသည်။ နွမ်းကြ ကြွေကြသည် မဟုတ်လော။

“ . . . ညသည် မြရောင်ရွှန်းမြလာသည်။ သစ်ပင် ထူထပ်တို့ တွင် အမှောင်ရိပ် သန်းလျက် ။ ပိုးစုန်းကြူးတကောင် ၊ နှစ်ကောင်သည် ၀ါးရုံကြားများမှ ပျံသန်းလာသည်။

“ ကောင်းကင်ပြာမှိုင်းတွင် ၊ စိန်ကြယ်ပွင့် တို့သည် တဖိတ်ဖိတ် လက်နေကြသည်။ တချို့ကြွေသွားကြလေသလော ။ သူတို့က အရောင် တလက်လက် တောက်ပ သူများ ဖြစ်၍ ကြွေကျပျောက်ကွယ် သွားသည် ကို သိကြသည်။ သစ်ရွက်များ ကြွေကျသည်ကိုတော့ ဘယ်သူမှ မသိကြ ။
ထင်ရှားသူ သာ သိကြသည်။မထင်ရှားသူ ကို မသိလိုက်ကြ ။ ကြွေကျသည့် နောက်တော့၊ ဘာများ ခြားနား မည်လဲ ။ ပိုးစုန်းကြူး၊ ကြယ် ၊ သစ်ရွက် တို့သည် လူ့ဘ၀ နှင့် ဘာခြားနားမည်လဲ ။

ဒါက လူ့ဘ၀ နဲ့ပတ်သတ်တဲ့ အတွေး ။


ခုနစ်


လူတိုင်း ဒီ ရသ အတွေးတွေ လိုမျိုးကို  မတွေးနိုင်စရာ ဘာမှ အကြောင်းမရှိဘူး။ ဒီ အတွေးတွေကို ထက်မြက် စူးရှမူ ရှိတယ်၊ မရှိဘူး ဆိုတာသာ ပြောစရာ ရှိမယ်။ ဒါက တကိစ္စ။ 

လူတိုင်းဟာ ၊ မိမိ နဲ့ ထိတွေ့ ကြုံဆုံလာသမျှ စာပေ ဂီတ ပန်းချီ ၊ လူမူရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ သံသရာရေး အစ ၊ ပန်းကလေး တပွင့်  ၊ ငှက်ကလေး တကောင် ၊ ရေကလေး တစက် ၊ နှင်းကလေး တမှုန် ၊ အရုဏ်နီ ဆည်းဆာမှိုင်း အဆုံး ၊ သိမြင်ရာရာ အားလုံးကို  သိ-သိကာမတ္တ ၊ မြင်- မြင်ကာမတ္တ ၊ ခုသိ ခုမေ့ ၊ ခုမြင် ခုပျောက်  မဖြစ်စေဘဲ အတွေးနဲ့ စရနယ်ပြီး သိမြင်မယ် ဆိုရင် ၊ အရာရာ ဟာ၊ အဆန်းတကြယ် အသိသစ် ၊ အတင့်အတယ် အမြင်သစ် တွေ နဲ့ ၊ ကိုယ်ယောင်ပြ  လာကြမှာ ဖြစ်ပါတယ်။ 

ဒါဟာ ရသ အတွေးရဲ့ စွမ်းရည် ဂုဏ်ရည်ပဲ ။ 
ရသ အတွေးဟာ အတွေးရသ ကို ပေါက်ဖွားစေလိမ့်မယ်။ 
အတွေးရသ ဟာ ၊ လောကအလှ ၊ ဘ၀ အလှ ၊ ရုပ်အလှ ၊ စိတ်အလှ တွေကို အမြင်ပိုကြည်စေ ၊ ပိုပီစေတဲ့ ဒိဗ္ဗစက္ခု အသစ်လည်း ဖြစ်ပေတယ်။ 


ပေါ်သစ် 

အတွေးအမြင် စာစဉ် (၄)
ဧပြီ ၁၉ ၈၅





Share/Bookmark